မန်ပန်းရွာခံတစ်ဦးကို တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီးနောက် ဆိုင်ကယ် ဖျက်ဆီးခံရ
မိုင်းယိုင်နီ၊ ရွှေဖီမြေ
ဒီဇင်ဘာ ၃၀ ရက်၊ ကွတ်ခိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု မန်ပန်းကျေးရွာခံတစ်ဦးဟာ တပ်မတော်က ဒီဇင်ဘာလ ၂၆ ရက် ညနေ ၅ နာရီအချိန်မှာ လမ်းပြအဖြစ် ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။
တောထဲမှာရှိတဲ့ မီးသွေးကို သွားကြည့်ဖို့ ထွက်လာတဲ့အချိန် လမ်းမှာ အင်အား (၁၅၀)ကျော်လောက်ရှိတဲ့ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ခေါ်ဆောင်သွားတာ ခံခဲ့ရတာဖြစ်တယ်လို့ ၎င်းရွာခံက ပြောပါတယ်။
“မထင်ထားဘူးလေ။ မိုင်းပေါက်သွားတဲ့နေရာမှာ သူတို့နဲ့တွေ့တယ်။ သူတို့က လမ်းပြအဖြစ် ရှေ့ကို သွားခိုင်းတယ်။ စီးလာတဲ့ ဆိုင်ကယ်လည်း ထားပစ်ခဲ့ရတယ်။ သူတို့ ပြန်လွှတ်ပေးတဲ့အချိန်မှာ ဆိုင်ကယ်ကို ပြန်ကြည့်လိုက်တော့ ရိုက်ခွဲခံထားရတယ်”
လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် ၁ နာရီခွဲအထိ လမ်းလျှောက်ခဲ့ရပြီး မန်ပန်ကျေးရွာနဲ့ ၃ မိုင်ကျော်လောက်ဝေးတဲ့ နမ့်ပန်းချောင်းရောက်တော့မှ တပ်မတော်က ပြန်လွှတ်ပေးတာဖြစ်ပြီး ရိုက်နှက်တာတွေတော့ မရှိဘူးလို့ သူက ဆိုပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်မှာ မန်ပန်းကျေးရွာနဲ့ ၂ မိုင်နီးပါးလောက် ဝေးတဲ့နေရာမှာ မိုင်းအလုံးရေ (၁၀၀)ကျော် ပေါက်ကွဲခဲ့တယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။
၎င်းကို ခေါ်ဆောင်သွားတဲ့ တပ်မတော် တပ်ရင်းရဲ့တံဆိပ်ကို သေချာမကြည့်ခဲ့ရတဲ့အတွက် ဘယ်တပ်ရင်းဆိုတာကိုတော့ မသိဘူးလို့ သူက ပြောပါတယ်။
မန်ပန်းကျေးရွာဟာ အိမ်ခြေ (၃၃)အိမ်၊ လူဦးရေ (၂၀၀)နီးပါးရှိတဲ့ရွာဖြစ်ပြီး ရွာပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ မရှိခဲ့ဖူးဘူးလို့ သိရပါတယ်။
#ကျေးရွာခံ #လမ်းပြ #တပ်မတော် #မန်ပန်း #ကွတ်ခိုင် #တပ်မတော်
#ဓာတ်ပုံ- Local
https://www.facebook.com/451214215694715/posts/869533400529459/
https://www.facebook.com/shwepheemyaynews/posts/869533400529459
No comments:
Post a Comment