Tuesday, December 29, 2020

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပန်လော့ရွာခံ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

 လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပန်လော့ရွာခံ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၃၀ ရက်၊ ကျောက်မဲ

မနေ့ ဒီဇင်ဘာလ ၂၉ ရက် မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ပန်လော့ကျေးရွာအနီးမှာ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာခံအမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကို ဘယ်သူမှ မသွားရဲကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသူ အမျိုးသားဟာ ပန်လော့ကျေးရွာက မောင်ကျန်း(၃၀ နှစ်)ဖြစ်ပြီး ဒဏ်ရာရသူကတော့ ဦးပေါ်ခင်း(၅ဝ နှစ်)တို့ပဲ ဖြစ်ပါတယ်။

ပန်လော့ကျေးရွာခံ မိုင်းအောင်ထွန်းက “သူတို့ မိသားစုနဲ့ တောမှာပဲနေကြတယ်။ အရင်ကတည်းက ကျေးရွာထဲမှာ မနေဘူး။ တောထဲမှာ စပါးရိတ်နေတာ သူတို့လည်း ဒီလိုတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်မယ်လို့ မထင်ထားဘူးလေ။ သေနတ်သံတွေငြိမ်တော့ သူတို့ ပြန်လာတဲ့အချိန် လမ်းတစ်ဝက်အရောက်မှာ လက်နက်ကြီး ထိသွားတယ်” လို့ ပြောပါတယ်။

အဆိုပါ လက်နက်ကြီး ထိထားတဲ့ အမျိုးသား ၂ ဦးရှိတဲ့ နေရာတစ်ဝိုက်မှာ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် သွားရောက်ကယ်ဆယ်ဖို့ အခက်တွေ့နေသလို ဒဏ်ရာရတဲ့တစ်ယောက်လည်း ကျေးရွာကို ပြန်ရောက်လာဖို့ အခက်အခဲ ဖြစ်နေပါတယ်။

ပန်မခမ်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်ငြိမ်းက “ပန်လော့ကျေးရွာကလူတွေ ဖုန်းဆက် အကြောင်းကြားလာတယ်။ လက်နက်ကြီးထိတာ တစ်ယောက်က သေသွားတယ်။ တစ်ယောက်က ဒဏ်ရာရနေတယ်။ ကျေးရွာကလူတွေလည်း ဘယ်သူမှ သွားမယူရဲကြဘူး။ ဘာလို့ သွားမယူတာလဲဆို ရွာက ဟိုဘက်တောင်နဲ့ဒီဘက်တောင်ကြားမှာ ရှိနေတယ်။ အဲဒီနေရာတွေလည်း မိုင်းတွေရှိထားတယ်” လို့ ဆိုပါတယ်။

လက်ရှိ ပန်လော့ကျေးရွာမှာ ထွက်ပြေးဖို့ အခက်အခဲဖြစ်နေတဲ့ သက်ကြီးရွယ်အိုနဲ့ ကျေးရွာခံအချို့ ကျန်ရှိနေပြီး သူတို့တွေနဲ့ အဆက်အသွယ် မရသေးပါဘူး။

“သူများရှောင်တဲ့နေ့မှာ အကုန်လုံး တစ်ကွဲတစ်ပြားတွေ ဖြစ်ကုန်တယ်။ သူ့မိသားစု သွားခေါ်မယ်ဆိုပြီး ထိသွားတာ။ ကျနော်လည်း ရွာက သက်ကြီးနဲ့ကလေးတွေခေါ်ပြီး ထွက်ပြေးနေတယ်။ တခြားဘက်တွေလည်း ကျနော်အာရုံမလာတော့ဘူး။ အဲဒီအချိန်တုန်းကဆို ဘယ်သူ့ဖုန်းမှလည်း ခေါ်လို့မရတော့ဘူး” ဆိုပြီး ကိုကျော်ငြိမ်းက ဆက်ပြောပါတယ်။

လွယ်အံကျေးရွာအုပ်စုထဲက ကျေးရွာခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကစတင်ပြီး ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်ရှောင်လာခဲ့ပြီး ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းအထိ ထွက်ပြေးတိမ်းရှောင်နေသူ (၆၇၀)ဦး ရှိနေပါတယ်။

ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအနီးမှာ RCSS နဲ့ TNLA တပ်ဖွဲ့တို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

#လက်နက်ကြီး #ထိခိုက် #သေဆုံး #ဒဏ်ရာရ #ပန်လော့ #ကျောက်မဲ #RCSS #TNLA

#မြေပုံ- GAD

https://www.facebook.com/451214215694715/posts/869490953867037/


https://www.facebook.com/shwepheemyaynews/posts/869490953867037

No comments:

Post a Comment