Saturday, December 26, 2020

RCSS နှင့် TNLA တို့၏ တိုက်ပွဲကြောင့် ကျောက်မဲသို့ စစ်ဘေးရှောင်များရောက်ရှိ

 RCSS နှင့် TNLA တို့၏ တိုက်ပွဲကြောင့် ကျောက်မဲသို့ စစ်ဘေးရှောင်များရောက်ရှိ

Posted: December 27, 2020


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏ တိုက်ပွဲကြောင့် ကျောက်မဲမြို့သို့ စစ်ဘေးရှောင်များ ရောက်လာကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသော မြို့ခံပရဟိတအဖွဲ့များက The Ladies News သို့ပြောကြားသည်။

 

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့နယ်ရှိ လွယ်အံနှင့် ကောင်းခါးကျေးရွာအနီးတွင် လည်းကောင်း၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ခိုငင်းကျေးရွာအနီးတွင် RCSS နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကာ အဆိုပါတိုက်ပွဲများကြောင့် ဒေသခံရွာသားများမှာ စစ်ဘေး တိမ်းရှောင်လာရခြင်းဖြစ်သည်။

 

ယနေ့ တွင်မူ လွယ်အံကျေးရွာမှ ရွာသား ၅၀ ကျော်သည် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုကျောင်းတိုက်သို့ စစ်ရှောင် ရောက်ရှိလာကြောင်းနှင့် ထပ်မံလည်း ရောက်ရှိလာဖွယ်ရှိကြောင်း အောင်မင်္ဂလာ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြောကြားသည်။

 

လတ်တလောတွင် စစ်ရှောင်ရောက်ရှိလာသော လွယ်အံရွာသားများအား ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စားသောက်ကုန်များနှင့် ကြက်ခြေနီအဖွဲ့က စောင်များ ထောက်ပံ့လှူဒါန်းထားသည်ဟု ၎င်းက ပြောသည်။

 

ဦးကျော်ကျော်ဦးက '' လွယ်အံတစ်ရွာထဲပဲ။ စစ်ဘေးရှောင်တွေ မေးကြည့်တာ ကျန်တဲ့ရွာတွေလည်း လာဖို့တော့ အစီအစဉ်ရှိတယ်။ သို့သော်လည်း ထွက်လို့ မရသေးတာ။ တိုက်ပွဲကြားမှာ နည်းနည်ညှပ်နေတဲ့ သဘောရှိတယ် '' ဟု ဆိုသည်။

 

ကောင်းခါးရွာနှင့် ခိုငင်းရွာမှ ရွာသားများသည် ကျောက်မဲသို့ စစ်ရှောင်ရန်အတွက် အိုမ်တမာဝ် လူမှုကူညီရေးအသင်းအား ဆက်သွယ်ထားကြသော်လည်း RCSS က တားဆီးထားသောကြောင့် လာ၍မရကြောင်း အိုမ်ဝမာဝ်လူမှုကူညီရေးအသင်းမှ ကိုစမိုင်းက ပြောကြားသည်။

 

''ကျွန်တော့်ဆီဆက်သွယ်ပြီး လာလို့မရတဲ့ ရွာက ခိုငင်းနဲ့ ကောင်းခါးရွာပဲ။ သူတို့က လောလောဆယ် ဒီဘက်ကိုပြေးလာဖို့ကို ပေးမလာတာ'' ဟု ဆိုသည်။

 

လက်ရှိအချိန်တွင် RCSS နှင့် TNLA နှစ်ဖက်တပ်ဖွဲ့များသည် အဆိုပါဒေသ၌ နေရာယူထားဆဲဖြစ်သောကြောင့် စစ်ရေးအခြေအနေမှာ တင်းမာနေကြောင်း ကိုစမိုင်းက မြေပြင်အခြေအနေကို ရှင်းပြသည်။

 

ကိုစမိုင်းက '' ရွာထဲမှာလည်း ကတုတ်ကျင်းတွေ တူးထားတယ်ဆိုတော့ စစ်ရေးကတော့ ကျွန်တော့်အမြင်က တင်းမာနေတုန်းပဲ။ ရွာက ကျွန်တော့်ကို အဲလို ဖုန်းဆက်ပြောလာတာရှိတယ် '' ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း နမ္မတူမြို့နယ်၊ ပိန်းလုံကျေးအနီးတွင် ဖြစ်ပွားခဲ့သော RCSS နှင့် TNLA တို့၏ တိုက်ပွဲကြောင့် ပိန်းလုံ၊ ကွန်ကျောင်း၊ နားကျဲကျေးရွာများမှ ဒေသခံရွာသား လေးရာကျော်သည် မန်စံကျေးရွာရှိ ရွှေစကားဝါကျောင်းတိုက်နှင့် ပန်ကျန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

 

ဒီဇင်ဘာလ ဆန်းပိုင်းမှာ စတင်ကာ RCSS နှင့် TNLA တို့သည် နယ်မြေအငြင်းပွားမှုကို အကြောင်းပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ တစ်ကျော့ပြန် တိုက်ပွဲများ ခပ်စိပ်စပ်ဆိုသလို ဖြစ်ပွားနေသည်။

 

Photo - မင်္ဂလာထွန်း 

အောင်ရဲနောင်

The Ladies News

 


-----                         -----                          -----


 


 


 


 


 


 


 


 


 


 


 



The Ladies News

Vote: 


http://www.theladiesnewsjournal.com/news/sun-2020-12-27-1210/14214

No comments:

Post a Comment