Saturday, December 26, 2020

RCSS နဲ့ TNLA တိုက်ပွဲကြောင့် ကျေးရွာခံတွေ မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာ

 RCSS နဲ့ TNLA တိုက်ပွဲကြောင့် ကျေးရွာခံတွေ မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၂၇ ရက်၊ ကျောက်မဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)တို့အကြား တိုက်ပွဲဖြစ်ပွာပြီးနောက် ကျေးရွာ ၆ ရွာထဲက ဒေသခံအချို့ဟာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင်တွေကို ကျောက်မဲရှိ အိုမ်တမာဝ် လူမှုကူညီရေးအသင်းက သွားရောက်ကြိုပြီး လက်ရှိ ၀ါဆိုဘုန်းကြီးကျောင်းမှာ နေရာချထားတယ်လို့ သိရပါတယ်။

အိုမ်တမာဝ်လူမှုကူညီရေးအသင်းမှ မိုင်းဆမဲင်ရိူန်းက “လောလောဆယ်ထိတော့ လွယ်အံရွာတစ်ရွာကပဲ ရောက်သေးတယ်။ အယောက် သုံးဆယ်ကျော်ရောက်လာပြီ။ ကျွန်တော်တို့ ထပ်ပြီးတော့ သွားကြိုဖို့လုပ်နေတယ်။ သူတို့က ရွာကနေ မိုင်းတင်းထိ လမ်းလျှောက်လာကြတာ” လို့ ပြောပါတယ်။

ကောင်းခါးနဲ့ပန်လောကျေးရွာဒေသခံတွေကလည်း ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်ပေမယ့် ခုံငင်းကျေးရွာမှာ RCSS တပ်ဖွဲ့က ပြန်လှည့်ဖို့ပြောတာကြောင့် သူတို့ကျေးရွာကို ပြန်လှည့်သွားကြပြီလို့ သူကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာခံတွေဟာ ရွာအပြင်ကိုပင် မထွက်ရဲကြတော့ဘူးလို့ တိုက်ပွဲအတွင်းရှိနေတဲ့ ကျေးရွာဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကောင်းခါးကျေးရွာခံ အမျိုးသမီးတစ်ဦးက “ဒီနေ့တော့ တိုက်ပွဲမဖြစ်တော့ဘူး။ အသံတွေလဲ မကြားရတော့ဘူး။ မနေ့တုန်းက တစ်ဖက်ကပဲ ပစ်တယ်ထင်တယ်။ ပန်လော့ကျေးရွာဘက် စစ်သားတွေက တောထဲမှာလည်းရှိတယ်။ ရွာထဲမှာလည်းရှိတယ်။ ကျွန်မတို့ရွာထဲမှာလည်း လူဦးရေ ငါးဆယ်နီးပါးရှိတယ်။ လွယ်အံအုပ်စုထဲက ကျေးရွာတွေဆို ဘယ်သူမှ အလုပ်မသွားရဲကြဘူး။ အလုပ်မပြောနဲ့ ရေချိုးဖို့အတွက်တောင် အဆင်မပြေဘူး” လို့ ပြောပါတယ်။

လွယ်အံကျေးရွာအုပ်စုထဲမှာ ကျေးရွာ ၆ ရွာရှိပြီး ကျေးရွာအများစုမှာတော့ RCSS တပ်ဖွဲ့က နေရာယူထားနေပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

ပန်မခမ်းကျေးရွာခံ အမျိုးသားတစ်ဦးကတော့ “ကျနော်တို့က အပြင်တွေ သွားလို့မရပါဘူး။ အလုပ်လည်း မသွားရဘူး။ ဒေသအခြေအနေက မအေးချမ်းတဲ့အခါ သူတို့တွေလည်း ကျွန်တော်တို့ကို ပေးမသွားဘူး။ တောထဲမှာလည်း အဖွဲ့တွေရှိလို့ တိုက်ပွဲတွေ ဖြစ်လာရင် စိုရိမ်ရတယ်” လို့ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်က လွယ်အံကျေးရွာနဲ့ ကောင်းခါးကျေးရွာ ဒေသတစ်ဝိုက်မှာ RCSS နဲ့ TNLA တို့အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး TNLA တပ်ဖွဲ့ရဲ့ သေနတ် ၁ လက်၊ အမှတ်တံဆိပ်ပါ အင်္ကျီတစ်ထည်၊ ကျဉ်အိမ် ၂ ခုနဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိတယ်လို့ RCSS တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၆ ရက် မနက် ၆ နာရီကျော်ချိန်မှာလည်း ပန်လော့ကျေးရွာအနီးတစ်ဝိုက်မှာ RCSS နဲ့ TNLA တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားပြီး ဒီဇင်ဘာလအတွင်းမှာတော့ RCSS နဲ့ TNLA တို့ တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

#တိုက်ပွဲဖြစ် #ကျေးရွာခံ #တိမ်းရှောင် #TNLA #RCSS #ကျောက်မဲ

#ဓာတ်ပုံ- အိုမ်တမာဝ် လူမှုကူညီရေးအသင်း

https://www.facebook.com/451214215694715/posts/867511370731662/


https://www.facebook.com/shwepheemyaynews/posts/867511370731662

No comments:

Post a Comment