Friday, December 25, 2020

ကိုးနှစ်ကျော်ကြာမှ နေရပ်တွင် ခရစ္စမတ်ပွဲကျင်းပနိုင်သည့် ကချင် စစ်ရှောင်များ

 ကိုးနှစ်ကျော်ကြာမှ နေရပ်တွင် ခရစ္စမတ်ပွဲကျင်းပနိုင်သည့် ကချင် စစ်ရှောင်များ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။

စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေကြသည့် ဝိုင်းမော်မြို့နယ် ဒဘတ်ယာန် ကျေးရွာမှ ပြည်သူများ အနေဖြင့် ၎င်းတို့၏ ကျေးရွာထဲတွင် ကျေးဇူးတော်ချီး မွမ်းခြင်းနှင့် ခရစ်စမတ်ပွဲကို ကိုးနှစ်ကျော် အကြာ တွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခဲ့ကြသည်။

ခရစ်စမတ်နှင့် ကျေးဇူးတော်ချီးမွမ်းပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့ကြပြီး အချိန်အတန်ကြာမှ ကျေးရွာထဲတွင် ခရစ်စမတ်ပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲကို ပြန်လည်လုပ် ဆောင်ရသည့်အတွက် ဝမ်းနည်းဝမ်းသာဖြစ်ရသည်ဟု ဒဘတ်ယာန်ကျေးရွာတွင် ပြန်လည်နေထိုင်မည့် စစ်ဘေးရှောင် ပြည်သူ များက ပြောသည်။

ဝိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်းမှ မကော့နန်က “၉ နှစ်တိတိ ဒဘတ်ယာန်ဘုရားကျောင်းမှာ ဒီရွာမှာ ဝတ်ပြုခွင့်မရတဲ့အတွက် ကျမတို့လည်း အရမ်းဝမ်းနည်းသွားတာပေါ့။ အရမ်းလည်း စိတ်မကောင်း စရာဖြစ်တယ်။ အခုလိုမျိုး ဒီဇင်ဘာ ခရစ်စမတ်ပွဲနေ့မှာ ဆရာတို့နဲ့အတူ အကုန်လုံးပေါ့နော တစ်ရွာလုံးအား လုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုတောင်းဝတ်ပြုခွင့်ရတဲ့အတွက်ကြောင့်မို့လည်း အရမ်းဝမ်းသာပါတယ်” ဟုပြော သည်။

လူငယ်အမှုတော်ဆောင် ဆရာလရှီဆမ်အောင်ကလည်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည့် ကာလ အတွင်း ခရစ်စမတ်ကို နှစ်တိုင်း ကျင်းပခဲ့ကြသော်လည်း ယခုနှစ် ခရစ်စမတ်သည် ယခင်ခရစ်စမတ် များ ထက် ထူးခြားမှုကို ဖြစ်စေသည်ဟု ပြောသည်။

“ကျနော်တို့က နှစ်တိုင်းလည်း ကျင်းပပါတယ် ခရစ်စမတ်က ဒီနေ့တမူထူးခြားဖြစ်တာပေါ့ ကိုယ့်ရဲ့ မွေးရပ် မြေမှာ ပထမဆုံးလုပ်ခွင့်ရတယ်ဆိုတော့ ကျနော် အနေနဲ့ ဝမ်းသာပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ ဒီနှစ် တော့ မဆုံဖြစ်ဘူးထင်ပါတယ်။ ဒီက လူငယ်တွေ ဒီက လူကြီးတွေ အကုန်လုံးနဲ့ ပထမဦးဆုံး လုပ်ခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”

စစ်ဘေးရှောင်စခန်းတွင် ပြုလုပ်ရသည့် ခရစ်စမတ် နှင့် ကျေးရွာထဲတွင် လုပ်ဆောင်ရသည့် ခရစ်စမတ် တို့၏ ခြားနားချက်နှင့် ပတ်သက်၍ ဆရာ လရှီဆမ်အောင်က ယခုကဲ့သို့ဆက်ပြောသည်။

“ကမ့်မှာ လုပ်တုန်းက ကိုယ်က ကိုယ့်ရဲ့ မွေးရပ်မြေမဟုတ်တော့ ကိုယ့်ရဲ့ ပြောရမယ်ဆိုရင် ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ဘူးပေါ့ ကိုယ့်ရဲ့ မွေးရပ်မှာ လုပ်တဲ့ အခါတော့ ကိုယ်လုပ်ချင်တာတွေ ကိုယ်ပြောချင်တာတွေ အကုန်လုံးလုပ်လို့ရတာပေါ့အဲဒါပြောချင်တယ်”

မိုင်းနား KBC စစ်ရှောင်စခန်းမှ ဦးဂမ်မိုင်လကလည်း “စစ်ရှောင်မှာ လုပ်ခွင့်ရတဲ့ ခရစ်စမတ်က ခရစ်စမတ် မဟုတ်သလိုပဲ ခံစားရတယ်။ ဒီကိုယ့်ရွာမှာ လာလုပ် တော့ ခရစ်စမတ် အစစ်လို ခံစားရတယ်။ ကိုယ့်နယ် မြေ မဟုတ်ဘူးဆိုတော့ အဲသ လိုခံစားရတယ်။ စစ်ရှောင် ထဲမှာပဲ ဆိုတော့ နော အဲလိုပဲခံစားရတယ်။ စစ် ရှောင်လုပ်တဲ့ အချိန်ကျတော့ ငါတို့ လူကြီးတွေဆိုရင်တော့ တအားဆူညံတယ်လေ အခုဒီမှာကျတော့ အေး အေး ဆေးဆေး အဲသလိုလုပ် ရသလိုပဲ ခံစားရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ၎င်းတို့နေထိုင်ရာ ကျေးရွာထဲတွင် ပြန်လည်ဝတ်ပြုခွင့်နှင့်အတူ ခရစ်စမတ်ပွဲနှင့် ကျေးဇူး တော် ချီးမွမ်းပွဲကိုပါ လုပ်ဆောင်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်းနှင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေ ကြသည့် သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ပြန်လည်ဆုံစည်းခွင့်ရသည့်အတွက်လည်း ပျော်ရွှင် မှုကို ခံစားရသည်ဟု ဒဘတ်ယာန် ကျေးရွာမှ ဒေသခံများက ဆိုသည်။

ယခုလအစောပိုင်းက ဒေသအသီးသီးသို့ ရောက်ရှိနေသည့် ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စု စာရင်းကောက်ယူခြင်း၊ မြေနေရာ စီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတော်မှလည်း အဆိုပါကျေးရွာအား မိုင်းရှင်း လင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။

တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးနောက် ဒေသခံများအနေဖြင့် ကျေးရွာထဲတွင် ဝတ်ပြုကိုး ကွယ်ခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ခရစ်စမတ်ပွဲတို့ကို သွားရောက်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့် မြို့နယ်များမှ စစ်ဘေးရှောင်များ လာမည့်နှစ်အတွင်း နေရပ်ပြန်နိုင်အောင် KHCC ၊ အစိုးရ၊ တပ်မတော် နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ အတူတကွညှိနှိုင်းကာ လုပ်ဆောင်လျက် ရှိသည်ဟုသိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ နေထိုင်နိုင်ရန်အတွက် အိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့်နှစ် ဆန်းပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးမြောက်ပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု KHCC က ဆိုသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့သည့် တပ်မ တော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲ များကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေး ရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

http://www.nmg-news.com/2020/12/26/12625

No comments:

Post a Comment