Tuesday, December 29, 2020

RCSS နှင့် TNLA တို့၏ တိုက်ပွဲကြောင့် ပန်လော့ရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ တစ်ဦးဒဏ်ရာရ၊ ရွာသားတချို့လည်း ပိတ်မိနေ

 RCSS နှင့် TNLA တို့၏ တိုက်ပွဲကြောင့် ပန်လော့ရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ တစ်ဦးဒဏ်ရာရ၊ ရွာသားတချို့လည်း ပိတ်မိနေ

Posted: December 30, 2020


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း၌ ဖြစ်ပွားနေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏ တိုက်ပွဲကြောင့် ပန်လော့ရွာသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက The Ladies News သို့ ပြောကြားသည်။

 

သေဆုံးသွာသော အမျိုးသားမှာ အသက် ၃၀ အရွယ် ကိုမောင်ကျန် ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၂၈ နေ့တွင် နှစ်ဖက်ပစ်ခတ်မှုကြား၌ လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်။

 

ဒေသခံတစ်ဦး က ''တိုက်ပွဲက ဘာသတင်းမှ မရဘဲ ဗြုန်း၊ ဒိုင်းဆိုဖြစ်တော့ သူ့မိသားစုကို သွားရှာတဲ့အချိန်မှာ လက်နက်ကြီးက ကျသွားလို့။ တစ်ယောက်ကသေသွားတယ်။ တစ်ယောက်က ဒဏ်ရာရသွားတဲ့ '' ဟု ဆိုသည်။

 

ကိုမောင်ကျန် လက်နက်ကြီးကျည်စ ထိမှန်သောနေရာမှာ တိုက်ပွဲကြားတွင် ညှပ်နေသော နေရာဖြစ်သောကြောင့် ၎င်း၏ အလောင်းကို မည်သူမှ သွားရောက် ယူဆောင်နိုင်ခြင်း မရှိကြောင်း သိရသည်။

 

တိုက်ပွဲကြားတွင် ညှပ်နေသည့် နေရာဖြစ်သောကြောင့် ဒဏ်ရာရရှိသော အမျိုးသားကိုလည်း ကူညီကယ်ဆယ်ရေးများ မလုပ်ဆောင်နိုင်ဘဲ ဒဏ်ရာရသူမှာ တောတွင်း တစ်နေရာ၌ ခိုလှုံနေသည်ဟုသာ သိရသည်ဟု ဆိုသည်။

 

''ဟိုဘက်ကလည်း သွားမရဘူး။ ဒီဘက်ကလည်း မသွားရဲဘူး။ တောထဲမှာကြတော့ နည်းနည်းလေး ကျယ်တာပေါ့။ ရွာလည်း မလာရဲဘူး။ ဟိုဘက်နဲ့ ဒီဘက် ကြားထဲမှာဆိုတော့ အခုလောလောဆယ် တောထဲမှာပဲ ခိုနေတာပေါ့ '' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

 

ပန်လော့ရွာသားများသည် ကျောက်မဲမြို့ရှိ စစ်ရှောင်စခန်းများသို့ ရှောက်ရှိနေပြီဖြစ်သော်လည်း ပန်လော့ရွာ အပိုင်အတွင်းမှာရှိသည့် လက်ဖက်ခြံနှင့် တောင်ယာများတွင် နေထိုင်ကြသော မိသာစုဝင်များကမူ ပိတ်မိနေဆဲ ဖြစ်ကြောင်းသိရသည်။

 

'' တော်တော်လေးတော့ ရှိသေးတယ်။ ဘယ်နှဦးလောက် ရှိမလဲဆိုတာတော့ မတိအကျမသိဘူးပေါ့။ လက်ဖက်ခြံအိမ်တွေ၊ တောင်ယာအိမ်တွေ မိသားစုအလိုက်တွေတော့ ရှိဦးမှာ။ ပန်လော့ရွာ အပိုင်ထဲမှာပဲ။ အခုလောလောဆယ်တော့ စစ်ရှောင်စခန်းကို သူတို့လည်း မရောက်နိုင်သေးဘူးပေါ့။ အဲဒီကြားထဲမှာပဲ ရှိနေမှာ'' ဟု ဒေသခံတစ်ဦးကပြောကြားသည်။

 

ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ RCSS နှင့် TNLA တို့သည် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့်၊ လွယ်အံ၊ ကောင်းခါး၊ ပန်လော့၊ ပန်မခမ်းနှင့် မန်ဆပ်ကျေးရွာများမှ ရာနှစ်ချီသော ဒေသခံရွာသားများသည် ကျောက်မဲမြို့သို့ စစ်ရှောင် ခိုလှုံရောက်ရှိနေသည်။

 

ကျောက်မဲတွင် စစ်ရှောင်စခန်းလေးခု ဖွင့်လှစ်ထားကာ  ယနေ့ညရရှိသော စာရင်းအရ စစ်ရှောင်ဦးရေ ၇၀၀ ကျော်အထိရှိလာပြီး၊ နောက်ထပ်လည်း ထပ်မံရောက်ရှိ ဖွယ်ရှိကြောင်း အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ  ကိုဆမိုင်းက ပြောကြားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း နမ္မတူမြို့နယ်၊ နမ့်ပိုင်ရွာအနီးတွင်ဖြစ်ပွားခဲ့သော RCSS နှင့် TNLA တို့၏ တိုက်ပွဲကြောင့် ရွာအတွင်း လက်နက်ကြီးကျည်ကျကာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်

 

အောင်ရဲနောင်

The Ladies News

 


-----                             ------                                  -----


 


 


 


 


 


 


 


 


 


 


 


The Ladies News

Vote: 


http://www.theladiesnewsjournal.com/news/wed-2020-12-30-1502/14227

No comments:

Post a Comment