Tuesday, December 29, 2020

ရှမ်းမြောက်တိုက်ပွဲကြောင့် ရာနဲ့ ချီဒေသခံတွေ ဘေးလွတ်ရာပြေး

 ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားရာက ကျောက်မဲမြို့နယ်မှာ ဒေသခံ ၆၀၀ ကျော်လောက် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အနည်းဆုံး ကျေးရွာ ၇ ရွာက ဒေသခံတွေကို ကျောက်မဲမြို့က စစ်ရှောင်စခန်း ၃ ခုကို တိမ်းရှောင်လာခဲ့ကြောင်းလည်း ဒေသခံ အိုမ်တမာဝ်လူမှုကူညီရေးအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းစမိုင်းလ်က VOA ကို အခုလို ပြောပါတယ်။

“အခုလောလောဆယ် စခန်းထဲမှာကျတော့ အားလုံးပေါင်း ၆၁၅ ယောက်လောက်ပဲရှိတယ်။ အမျိုးအိမ်မှာ လာနေတဲ့ဟာတို့ ဘာတို့ဆို ၆၅၀၊ ၇၀၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ရှောင်စခန်းက ကျောက်မဲမြို့ ပိန္နဲကုန်းကျေးရွာ ဝါဆိုကျောင်းမှာ တစ်နေရာရယ်။ ပိန္နဲကုန်းအုပ်စု မန်းကောင်းမှုစာသင်ကျောင်းမှာ တစ်နေရာရယ်။ ကျောက်မဲမြို့ ၈ ရပ်ကွက် ထုံးဘို သန္တိသုခဓမ္မာရုံမှာ တစ်နေရာရယ်။ ကျောက်မဲမြို့နယ် လွယ်အံတင်အုပ်စုပေါ့။ သူတို့အုပ်စုမှာ ၇ ရွာရှိတယ်။ အခု ၆ရွာတော့ ရောက်ပြီ။ ဒီနေ့ နောက်တစ်ရွာပြန်ဆင်းလာတယ်။ ဒီတစ်ရွာဆင်းလာတယ်ဆိုရင် ဒီအုပ်စုက အကုန်လုံးဆင်းလာတယ်ပြောလို့ ရတာပေါ့နော်။”

ကျောက်မဲမြို့ကို ရောက်လာတဲ့ စစ်ရှောင်တွေကိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ကျောက်မဲ စစ်ရှောင်ကော်မီအပြင် ရပ်မိရပ်ဖတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ပရဟိတအသင်းတွေက ကူညီထားကြောင်းလည်း ပြောပါတယ်။

တနင်္ဂနွေနေ့ကစတင် တိမ်းရှောင်လာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အနေနဲ့ ရက်ရှည် နေထိုင်ရမယ်ဆိုရင် စားနပ်ရိက္ခာ အခက်အခဲ ရှိနိုင်တယ်လို့လည်း မိုင်းစမိုင်းလ်က ပြောပါတယ်။

“ဒီထက် ပိုကြာသွားရင်တော့ စားရေးသောက်ရေး အခက်အခဲရှိတာပေါ့နော်။ ဒီနေ့လည်း စစ်ရှောင်က ၁၅၀၊ ၂၀၀ လောက် ထပ်လာနေတယ်ပြောလို့ ကျနော်တို့ သွားကြိုနေတယ်။ သူတို့ပါ ထပ်ရောက်လာရင် စားရေးသောက်ရေး အခက်အခဲရှိတယ်။ ပြီးတော့ နေရာထိုင်ခင်းပေါ့နော်။ ဒီ ကိုဗစ်ကာလကျတော့ ပရဟိတတွေလည်း အသွားအလာ အခက်အခဲရှိတယ်။ ဥပမာ မန္တလေး ပရဟိတတွေဆို ကျနော်တို့ဆီ တက်လို့ မရဘူးပေါ့နော်။ တခြားပရဟိတတွေ လာလှူလို့ မရတော့ အဲဒီလို အခက်အခဲရှိတယ်။ နောက်ထပ် စောင်တွေ၊ စောင်တွေကတော့ လာလှှုတဲ့သူတွေရှိတယ်။ အဓိက အခင်းတွေပေါ့။ အခုက သံမံတလင်းပေါ်မှာ ကော်ဇောခင်းပြီးမှ အိပ်နေရတယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။”

ကျောက်မဲမြို့နယ်အတွင်းမှာ RCSS ရှမ်းတပ်ဖွဲ့နဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြား နယ်မြေထိန်းချုပ်ဖို့ ကြိုးစားရာက ဒီလ ၂၅ရက်နေ့တည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မနေ့တုန်းကလည်း ထပ်မံတိုက်ပွဲဖြစ်ကြောင်းနဲ့ ဒီလအတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“နောက်ဆုံး ကျနောတို့ ရွေးခြယ်ရမယ့် လမ်းကြောင်းကတော့ အားလုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြပြီးတော့မှ အတူတကွ ဘယ်လို ယှဉ်တွဲနေထိုင်ကြမလဲဆိုတဲ့ လမ်းကြောင်းကလွဲပြီးတော့ ရွေးခြယ်စရာလမ်းကြောင်းက မရှိဘူး။ တွေ့ဆုံဆွေးနွေးခြင်းကသာလျှင် ကျနော်တို့ရဲ့ ပြီးမြောက်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုပေါ့လေ။”

ကျောက်မဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တပ်မတော်နဲ့ RCSS အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၃,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရဖူးပါတယ်။


https://burmese.voanews.com/a/shan-rcss-tnla/5717014.html

No comments:

Post a Comment