Tuesday, December 29, 2020

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

    

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

    

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား Covid-19 ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။

    

ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင်  Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တပ်မတော် ဆေးရုံကြီးများ၌ အရပ်သားပြည်သူများအား Cobas-6800 စက်နှင့် RT-PCR  နည်းတို့ဖြင့် ကူညီစစ်ဆေးပေးနေမှု၊ တပ်မတော်က ကန့်သတ်စောင့်ကြည့် Qurantine  Center နေရာများ၊ ဓာတ်ခွဲအတည်ပြုလူနာထားရှိ ကုသရေးနေရာများ ဖွင့်လှစ်၍ သံဃာတော်များ၊ သီလရှင် များနှင့် အရပ်သားပြည်သူများအား လက်ခံကုသဆောင်ရွက် ပေးနေမှုအခြေအနေများ၊  Covid-19 ရောဂါ ကုသရေးဆေးရုံ(ဖောင်ကြီး)၌ တပ်မတော်မှ ပါရဂူဆေးမှူးများ၊ သူနာပြု များနှင့် ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့များဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်နေသည့် အခြေအနေများ၊ ကုသရေးဆေးရုံများ၊ ဆေးခန်းများ၊ စင်တာများနှင့် လူမှုအဖွဲ့အစည်း များအား အောက်ဆီဂျင်အိုးများအပါအဝင် Covid-19  ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အခြေအနေများ။    

    

တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စည်းကမ်းဖောက်ဖျက်မှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့်  မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

    

(၇၃)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့နှင့် (၇၃)နှစ်မြောက် တပ်မတော် (လေ)နှစ်ပတ်လည်နေ့များ ကျင်းပခဲ့မှု၊ မြန်မာ့တပ်မတော်(ရေ)နှင့် မြန်မာ့တပ်မတော်(လေ) တို့၏ သမိုင်းကြောင်းများနှင့် ခေတ်မီတပ်မတော်တည်ဆောက်နေမှုအခြေအနေများ၊ တပ်မတော်(ရေ)အနေဖြင့် ကဏ္ဍကြီး ၄ ရပ်ဖြစ်သော စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍနှင့် စာနာအကူအညီပေးရေးကဏ္ဍအားလုံးတို့အား တိုးတက် မြင့်မားအောင် ဆောင်ရွက်နေမှု၊ "စွမ်းရည်မြင့်မားသည့် တိုက်ပွဲဝင်အသင့် ရေတပ်အဆင့် " မှ " ဒေသတွင်း ရေပြာရေတပ်အဆင့်သို့ တက်လှမ်းရန်ကြိုးပမ်းလာသော တပ်မတော်(ရေ) " အဖြစ် ချီတက်လျှောက်လှမ်းနေမှုနှင့် တပ်မတော်(ရေ)ကို သုံးဘက်မြင်စစ်ဆင်နိုင်စွမ်း ရှိသည့် ရေတပ် ( Three Dimensionan Navy )အဆင့်ဖြစ်အောင် တည်ဆောက်လျက်ရှိသည့် အခြေအနေများ။ 

    

ခေတ်မီတပ်မတော်(လေ)ဖြစ်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်မှာ အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သဖြင့် လေသူရဲများ၊ စက်မှုလက်မှုစစ်သည်များ၊ အတတ်ပညာရှင်စစ်သည်များ၏ လေ့ကျင့်ရေးစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက် နေမှုများ၊ ခေတ်မီတပ်မတော်(လေ)၌လိုအပ်သည့် မြေပြင်အထောက်အကူပစ္စည်းများ ဖြစ်သည့် မိုးလေဝသရေဒါများ၊ လေကြောင်းလမ်းညွှန်စက်များ၊ အထောက်အကူပြုရေဒါ များအား လေတပ်စခန်းများ၌တပ်ဆင်၍ မြန်မာ့ဝေဟင်အား စောင့်ကြည့်ကာကွယ်ပေး လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်(လေ)အနေဖြင့် တိုးတက်ပိုင်ဆိုင်လာသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုအသုံးပြု၍ တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားရေးတို့အား ဆောင်ရွက်လာနိုင်သည့်အပြင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ (HADR) ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို  အားသွန် ခွန်စိုက် ဆောင်ရွက်နေသည့်အခြေ အနေများနှင့် HADR လုပ်ငန်းစဉ်များတွင် ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ။

     

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်၊ မချမ်းဘောတပ်နယ်များသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒီဇင်ဘာလအတွင်း သွားရောက်ခဲ့သည့်ခရီးစဉ်တွင်  ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် ( KBC)  အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် တာဝန်ရှိသူများ တွေ့ဆုံခဲ့မှုနှင့် ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူ များ ပြန်လည် နေရာချထားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝိုင်းမော်မြို့နယ် အတွင်းရှိ နမ့်ဆန်ယန်ကျေးရွာနှင့် တဘက်ယန်ကျေးရွာတို့ရှိ နေအိမ်များနှင့် အုပ်ချုပ်မှုအဆောက်အဦများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့မှုအခြေအနေများ၊ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာရှိစိန်လုံ(ပန်မူ) နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်း၊ အသင်းတော်ဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်းအဝင်လမ်းတို့အား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက စုပေါင်း လှူဒါန်းပြီး နယ်မြေခံဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့မှ ပြန်လည်ပြုပြင်တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ။

    

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့သို့ ရောက်ရှိ စဉ် သိန်းနီမြို့ရှိ  သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက အလှူငွေများထည့်ဝင်လှူဒါန်းမှုဖြင့် ရတနာပန္နက်တော်စိုက်ထူပေးနိုင်ခဲ့မှု အခြေ အနေများ။

    

ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၏ကျောင်း၊ ဒဂုံမြို့နယ်ရှိ ဇဖါရ်ရှားဂူဗိမာန်ကျောင်းနှင့် ကျောက်တံတားမြို့နယ်ရှိ သျှရီသျှရီစန္ဒာမယ်တော် ဟိန္ဒူ ဘုရားကျောင်းများသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့မှု၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများကလှူဒါန်းသည့် Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့မှု၊ (၇၃)နှစ်မြောက်၊ တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့မှု၊ တိုက်ခိုက်ရေး ရေငုပ်စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါ အဝင် စစ်ရေယာဉ် ၇ စီးတို့အား တပ်တော်ဝင်ပေးခဲ့မှု၊ ဒီဇင်ဘာလအတွင်း ပြင်ဦးလွင် မြို့နှင့် ရန်ကုန်မြို့တို့ရှိ ဗိုလ်လောင်းသင်တန်းများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းကျောင်းများ၏ သင်တန်းဆင်း အခမ်းအနားများသို့ တက်ရောက်ခဲ့မှုနှင့် သင်တန်းဆင်းမိန့်ခွန်းများ ပြောကြားခဲ့မှု။

    

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ရေးအတွက် အင်အားတောင့်တင်းပြီး ခေတ်မီမျိုးချစ်တပ်မတော် အဖြစ် တည်ဆောက်လျက်ရှိရာ အမျိုးသမီးစစ်မှုထမ်းများအား၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားသည်။ 

    

ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ်ပြန်လည်ရှင်းလင်းဖြေကြား သည်။

     

အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန ၂၀ ခုမှ သတင်းထောက်များ လာရောက် တွေ့ဆုံသတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။

    https://cincds.gov.mm/node/10129

No comments:

Post a Comment