ကောင်းခါးနဲ့ ပန်မခမ်းေကျးရွာအနီးမှာ RCSS နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေ
လွေးနှင်းဖြူ၊ ရွှေဖီမြေ
ဒီဇင်ဘာ ၂၅ ရက်၊ ကျောက်မဲ
ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက် မနက် ၄ နာရီဝန်းကျင်ကနေ စတင်ပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ပန်မခမ်းကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိ သတင်းရေးသားချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ပန်မခမ်းကျေးရွာခံတစ်ဦးက “ဒီမနက်မှာ ဖြစ်တာ။ ဘယ်လိုဖြစ်ပြီး တိုက်ပွဲဖြစ်သွားသလဲဆို မသိရသေးဘူး။ တိုက်ပွဲက နှစ်ဖက်ထိပ်တိုက်တွေ့လို့ ဖြစ်တာလား မသိဘူး။ အခုဆို ကျေးရွာထဲမှာ RCSS တွေ အများကြီး ရောက်လာတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် လွယ်အံကျေးရွာအုပ်စုထဲက ကျေးရွာခံအချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာခံတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။
ကောင်းခါးကျေးရွာခံတစ်ဦးကလည်း “တိုက်ပွဲက သုံးနာရီကျော်လောက်ကတည်းက စဖြစ်တာ။ လွယ်အံကောင်းခါးရွာမှာ ဖြစ်တာတော့ မဟုတ်ဘူး။ အနောက်ဘက် လွယ်အံရွာမှာ ဖြစ်တယ်။ အဲဒီကျေးရွာအနီးမှာပဲ တိုက်ပွဲဖြစ်တဲ့အသံတွေ ကြားရတယ်။ ကျေးရွာထဲမှာ တိုက်ပွဲဖြစ်တာ ထင်တယ်။ အဲရွာကို ဖုန်းလည်း ဆက်မရတော့ဘူး။ စစ်သားတွေလည်း ကျေးရွာထဲမှာ အပြည့်ရှိနေတယ်” လို့ ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့နေရာက လွယ်အံနဲ့ ကောင်းခါးကျေးရွာကြားမှာဖြစ်ပြီး ခုံငင်းကျေးရွာအနီးမှာလည်း နှစ်ဖက်တပ်တွေအကြား ထိပ်တိုက်တွေ့တာ မဟုတ်ပဲ မိုင်းပေါက်ကွဲမှု ဖြစ်ပွားတာတွေ ရှိနေတယ်လို့ ပန်မခါးကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
RCSS နဲ့ TNLA တပ်ဖွဲ့အကြား လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြပြီး လက်နက်ကြီး လက်နက်ငယ် အသုံးပြုတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ဆက်သွယ် ပြောဆိုလာပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
#တိုက်ပွဲဖြစ် #ကျေးရွာခံ #တိမ်းရှောင် #RCSS #TNLA #ကျောက်မဲ
#ဓာတ်ပုံ- မိုင်းအနိုင်၊ ရွှေဖီမြေ, Tai Freedom
https://www.facebook.com/451214215694715/posts/866230207526445/
https://www.facebook.com/shwepheemyaynews/posts/866230207526445
No comments:
Post a Comment