Thursday, December 24, 2020

မြန်မာစစ်ခေါင်းဆောင်များကို ICJ တွင်တရားစွဲဆိုမှု ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်မည့် အမတ်လောင်း ၂ဦးကို တပ်မတော်က နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့် တရားစွဲ

 မြန်မာစစ်ခေါင်းဆောင်များကို ICJ တွင်တရားစွဲဆိုမှု ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်မည့် အမတ်လောင်း ၂ဦးကို တပ်မတော်က နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့် တရားစွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်း ပြည်မြို့နယ်တွင် တပ်မတော် စစ်ခေါင်းဆောင်များကို ICJ ၌ တရားစွဲဆိုထားမှုအပေါ် ထောက်ခံကြောင်း ဒီဇင်ဘာလ ၂၇ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့်သူ ၂ ဦးဖြစ်သည့် ဦးကျော်ဆန်းနှင့် ကိုသန့်ဇင်ထက်တို့ကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) ဖြင့် အမှုဖွင့် တရားစွဲ ဖမ်းဆီးကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူ ၂ဦးသည် ၂ဝ၂ဝရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်အကိုယ်စားလှယ်လောင်းများဖြစ်ပြီး ဦးကျော်ဆန်းသည် ပဲခူးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကိုသန့်ဇင်ထက်သည် နတ်တလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်ထားသူဖြစ်သည်။
“ ဟုတ်တယ်။ မနက်က အစောကြီးပဲ လာပြီးတော့ ခေါ်သွားကျတာ ICJ ကိစ္စလို့ပြောတာပဲ သတင်းစာရှင်းလင်းပွဲက မလုပ်ရသေးဘူးပေါ့။ ၂၇ရက်နေ့မှ လုပ်ရမှာ။ အဲတာမလုပ်ရသေးဘဲနဲ့ အရင်ဖမ်းဆီးခံရတာ တရားရုံးကိုတင်မယ် အာမခံပေးမယ်ဆိုပြီး ပြီးလည်းပြီရော ဒီနေ့ကျတော့ အာမခံလည်းမပေးဘူး တစ်ခါတည်းခေါ်သွားတာ ၃ဝရက်နေ့ ရုံးထုတ်ကျမှ အာမခံပေးသင့်မပေးသင့် စဉ်းစားမယ်လို့ပြောတယ်။ ၅ဝ၅ (က) ပေါ့ ” ဟု ဦးကျော်ဆန်း၏ မိသားစုဝင် တစ်ဦးကပြောဆိုသည်။
ဦးသန့်ဇင်ထက်၏အမဝမ်းကွဲတော်စပ်သူ ဒေါ်ခင်ခင်သန်းက "ကိုသန့်ဇင်ထက်က သူတို့တွေ မီဒီယာရှင်းလင်းပွဲလုပ်မယ်ဆိုပြီးတော့ Facebook ပေါ်မှာ တင်ထားတဲ့ ဖိတ်စာနဲ့ ပတ်သက်ပြီးတော့ က.ပ.စ - ၇ ကဗိုလ်မှူးကနေပြီးတော့ တရားလို လုပ်ပြီးတော့ ၅ဝ၅ (က)နဲ့ တရားစွဲဆိုထားတာ မနက် ၇နာရီခွဲလောက်က သူတို့ရုံးခန်းမှာ လာပြီးတော့ ပြည်မြို့မရဲစခန်းက ဖမ်းသွားတယ်။ သတင်းစာရှင်းလင်းပွဲက မလုပ်ရသေးဘူး။ အဲအချိန်မှာ လာဖမ်းသွားတယ်။ လာဖမ်းသွားပြီးတော့ မနက် ၁ဝနာရီခွဲမှာ တရားရုံးကို ရုံးတင်လိုက်တယ်။ တရားရုံးကို ရုံးတင်ပြီးတော့ ပြည်မြို့ အကျဉ်းထောင်ကို ပို့လိုက်တယ်။ ၃ဝရက်နေ့ကိုတော့ ရုံးချိန်းပေးထားတယ်။ အဲဒီနေ့မှာတော့ ကျွန်တော်တို့ အာမခံ လျှောက်မယ်။ အာမခံပေးသင့်မပေးသင့်ကို အဲနေ့မှာ အမိန့်ချပါမယ်။ ဦးကျော်ဆန်းလည်းပါသွားတယ်။ ကိုသန့်ဇင်ထက်က ကျန်းမာရေးက နည်းနည်း အစာအိမ်ရောဂါလေးပဲ ရှိတာပဲရှိတယ်။ သူကအခက်အခဲဖြစ်နေတာ ကျွန်တော်တို့ အာမခံ လျှောက်ထားတယ်ဆိုတာ သူက မြေးအဖွား ၂ယောက်တည်းရှိတာ အမကတော့ဝမ်းကွဲပေါ့။ အမေကြီးက လက်ဖြတ်ထားတယ်။ နောက်ပြီးတော့ လေဖြတ်နေတယ်။ ခြေတောက်တွေက မသွားနိုင်ဘူး။ အဲတာ အမေကြီးတစ်ယောက်တည်း ကျန်ခဲ့တယ်ပေါ့။ ကိုသန့်ဇင်ထက်ရဲ့ အဖွားပေါ့။ သူ့မှာမိဘတွေက ဆုံးသွားပြီ အဖွားတစ်ယောက်တည်းရှိတာပေါ့။ ခြေထောက်က လေဖြန်းထားတော့ လမ်းလုံးဝမလျှောက်နိုင်ဘူး။ လက်ဖြတ်ထားတာ ချုပ်ရိုးတောင်မဖြည်ရသေးဘူး။ အဲတာကြောင့်မို့ ကျွန်မတို့က အာမခံလျှောက် ထားတယ်။ စောင့်ရှောက်မယ့်သူ မရှိလို့ပေါ့" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဦးကျော်ဆန်းနှင့် ဦးသန့်ဇင်ထက် တို့နှစ်ဦးစလုံးသည် မြန်မာစစ်ခေါင်းဆောင်များကို ICJ တွင် တရားစွဲဆိုမည့် ကိစ္စကို ထောက်ခံကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်စဉ် ပြောဆိုခဲ့ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနကလည်း နှစ်ဦးစလုံး၏ အင်တာဗျူးကို ဖော်ပြခဲ့ပြီးဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင် ပါဝင်မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သူ ပဲခူးတိုင်း၊ ပြည်မြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေမှာမူ လက်ရှိတွင် ခရီးလွန်နေကြောင်း သိရှိရသည်။

https://www.facebook.com/khitthitnews/posts/1093390887764923?__cft__[0]=AZX-8EtVfHfzfBf4dwvKZ0R5wZ3xFK6bDGsOYff-AR5fyuf50cxPk6wS1C6AD3ePtB8RmVuk5rlpPAXrA-tQbMsjYIRrtnKPc9BwXQvQwdE9BRSUuN-QkTAb1dN3H_yRnHj_gzRwnqi-OYTk5rc7tRND&__tn__=%2CO%2CP-R

No comments:

Post a Comment