Thursday, December 24, 2020

သီပေါမြို့နယ်တွင် ၆နှစ် ကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်သူကို သေနတ်ဖြင့် ပစ်သတ် စီရင်

 သီပေါမြို့နယ်တွင် ၆နှစ် ကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်သူကို သေနတ်ဖြင့် ပစ်သတ် စီရင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ် သီပေါမြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဝမ်နွတ်ကျေးရွာတွင် အသက် ၆နှစ်အရွယ် ကလေးငယ် တစ်ဦးကို သက်ငယ်မုဒိမ်းမှုကျူးလွန်သတ်ဖြတ်ခဲ့သူ တရားခံ ဦးအိုက်စော့ကို သေဒဏ်စီရင်လိုက်ပြီကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်ကပြောဆိုသည်။
“ ကျွန်တော်တို့ စစ်ရေးနည်းနဲ့ပေါ့။ ဆိုလိုတာက သေနတ်နဲ့ ပစ်သတ်လိုက်တာပေါ့။ မနေ့က ကျွန်တော်တို့ ဒီတရားစီရင်ရေးဌာနမှာ မွန်းလွဲပိုင်း ၃နာရီလောက် အမိန့်ချလိုက်တာပေါ့လေ အဲနေ့ပဲ အမိန့်ချတဲ့နေ့ပဲ စီရင်လိုက်တာပေါ့။ အဆုံးစီရင်လိုက်တာလေ” ဟု ၎င်းကပြောဆိုသည်။
၂ဝ၂ဝခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့တွင် ဦးအိုက်စော့ အသက် (၃ဝ)နှစ်သည် ဝမ်းနွတ်ကျေးရွာနေ ဦးလုံးထွန်း၊ ဒေါ်နန်းတောင်၏ သမီးဖြစ်သူ နန်းလယုံး အသက် ၆နှစ်ကို နေအိမ်မှ အတင်းအဓမ္မ ဖမ်းချုပ်ကာ ရွာအရှေ့ဘက် ခြုံထဲတွင် မုဒိမ်းပြုကျင့်ပြီး လျှိုမြှောင်တွင်းသို့ ပစ်ချခဲ့ကြောင်း စိစစ်သိရှိရသည်ဟု SSPP ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ သေဒဏ်စီရင်ချက်ချမှတ်ခြင်းအပေါ် အစိုးရဌာနနှင့် တပ်မတော်က တစ်စုံတစ်ရာ ပြောဆိုလာခြင်းမရှိသေးကြောင်း ယင်းသို့ သက်ငယ်မုဒိမ်းမှုကို သေဒဏ်စီရင်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းသန်းအောင်ကဆက်လက်ပြောဆိုသည်။
“ အစိုးရဌာနဆိုင်ရာရော ဒီတပ်မတော်ပိုင်းဆိုင်ရာကော ဘာမှမပြောဘူး။ ၂ကြိမ်လောက်ရှိပြီ ကျွန်တော်တို့ သက်ငယ်မုဒိန်းနဲ့ ပတ်သက်တဲ့ဟာ ဒီလိုသေဒဏ်ချလိုက်တာ ၂ကြိမ်လောက်ရှိပြီ ပထမအကြိမ်ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၅ ကျွန်တော်တို့ ဌာနချုပ်နားမှာ တိုက်ပွဲကြီးကြီးကျယ်ကျယ် ဖြစ်နေတဲ့အချိန်မှာ မုဒိန်းမှုတစ်ခုဖြစ်ခဲ့တယ်။ အဲပြစ်မှုလည်း ကျွန်တော်တို့ သေဒဏ်နဲ့ပဲ အမိန့်ချလိုက်တာ ဒီတစ်ခါဆိုရင် ဒုတိယအကြိမ်ဖြစ်သွားပြီ ပြီးခဲ့တဲ့ ၂ဝ၁၅တုန်းကတော့ တိုက်ပွဲကြောင့်မို့ ကျွန်တော်တို့ဒီ လူသိရှင်ကြား ကျွန်တော်တို့ မထုတ်ပြန်ဖြစ်ခဲ့ဘူးပေါ့” ဟု ၎င်းကပြောဆိုသည်။
ယင်းသို့ သေဒဏ်စီရင်မည့်အပေါ် တရားခွင် လာရောက်သူများကလည်း တညီတညွတ်တည်း မဲပေးခဲ့ကြောင်း ထိုသို့ မဲပေးရာတွင် တရားခံ၏ အုပ်ထိန်းသူလည်း ပါဝင်ကြောင်း တရားခံသည့် ပထွေးဖြင့် နေထိုင်သူဖြစ်ကြောင်း ဗိုလ်မှူး စိုင်းသန်းအောင်ကပြောဆိုသည်။
“ ဒီလိုပြစ်မှုမျိုးဆိုရင်တော့ ကျွန်တော်တို့ တခြား ပြစ်ဒဏ်ပေးစရာအကြောင်းမရှိဘူးပေါ့။ ဒါမှလွဲ၍ တခြား ပြစ်ဒဏ် တစ်စုံတစ်ခုတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ တရားစီရင်ရေးမှာ အဲဒီ ဒီအမှုစစ်နေတဲ့အချိန်မှာ သူ့မိသားစုရော ရပ်မိရပ်ဖရော ပါတယ်လေ အားလုံးက တညီတညွတ်တည်း သေဒဏ်ပေးဖို့ တညီတညွတ်တည်း မဲပေးကြတာပေါ့။ ပါတယ် (တရားခံ အုပ်ထိန်းသူ မဲပေးတဲ့အထဲ) ။ ပါတယ်ဆိုတာက သူ့မိဘအရင်းကတော့ မရှိတော့ဘူးပေါ့။ သူပထွေးနဲ့နေတယ်လေ” ဟု ၎င်းကပြောဆိုသည်။
၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးက လွတ်လပ်ပွင့်လင်းသော တရားခွင်၌ အမှုစစ်ဆေးပြီး အဆိုပါအမှုသည် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုမြောက်ကြောင်း ထပ်မံအတည်ပြုခဲ့ကာ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးမှ ဦးအိုက်စော့အား ပြစ်မှု ၂ခုကျူးလွန်မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

https://www.facebook.com/khitthitnews/posts/1093027227801289?__cft__[0]=AZV2v1Ycz4ZJFdS4Uj7y0zJcjGYLnKAAMMXa8m9koaCFq0LbEi2zSMfNWxuUMhx3YfZ7Kq1hvJZhIUA0BnCIQOD50ksKn1TqRj9Ca4DGOVGojpY4IDAxCVpVeVUTaZXKE6qhUiz_TFEoz7xD411bQ0ss&__tn__=%2CO%2CP-R

No comments:

Post a Comment