Thursday, December 24, 2020

RCSS တပ်ဖွဲ့မှ မိုင်းမုအုပ်စုကျေးရွာ(၈)ရွာတွေကို ဆက်ကြေးကောက်ခံတဲ့အပေါ် ဒေသခံပြည်သူတွေအနေနဲ့အခက်ကြုံ

 RCSS တပ်ဖွဲ့မှ မိုင်းမုအုပ်စုကျေးရွာ(၈)ရွာတွေကို ဆက်ကြေးကောက်ခံတဲ့အပေါ် ဒေသခံပြည်သူတွေအနေနဲ့အခက်ကြုံ

နမ္မတူ | မားနဂါး ။
ဒီဇင်ဘာလ ၂၂ရက်နေ့မှာ နမ္မတူမြို့နယ် မိုင်းမုအုပ်စုရှိ ကျေးရွာ ၈ရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)တပ်ဖွဲ့မှ ဆက်ကြေးကောက်ရန်အတွက် ကျေးရွာဥက္ကဌနဲ့ကျေးရွာပြည်သူတွေကို ခေါ်ယူပြီး မိုင်းမုကျေးရွာ မှာ အစည်း အဝေးပြုခဲ့တယ်လို့ နမ္မတူဒေသခံတစ်ဦးထံမှတဆင့်သိရပါတယ်။
မိုင်းမုကျေးရွာအုပ်စု မိုင်းမုကျေးရွာ၊နမ့်ဆလင်းကျေးရွာ၊ မန်မိုင်ကျေးရွာ၊ နောင်ငင်းကျေးရွာ၊နာအုပ်ကျေးရွာ၊ ရှောင်ခါးကျေးရွာ ၊ကောင်ဟုန်းကျေးရွာ၊လုံမိတ်ကျေးရွာတွေ့ဖြစ်ကြပြီး တစ်ရွာကို တစ်အိမ်ဆန် တစ်အိတ် ခွဲပေးဆောင်ရမှာ ဖြစ်ပြီး၊ မီးသွေးလုပ်ငန်းလုပ်တဲ့သူတွေ၊ ပြောင်းဖူးရောင်းဝယ်ရေးလုပ်တဲ့သူတွေ လုပ်ငန်းအလိုက် အခွန်ပေးဆောင်ရမှာဖြစ်ပြီး တစ်နှစ်စာကို ၂ကြိမ်ခွဲပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
RCSSတပ်ဖွဲ့တွေအနေနဲ့ ဆက်ကြေးကောက်ခံတဲ့အပေါ်မှာ ကိုဗစ်ကာလလည်းဖြစ်နေတဲ့အတွက်ကြောင့်ကျေးရွာ ပြည်သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေကြောင်းကို မိုင်းမုကျေးရွာအုပ်စုဒေသခံတစ်ဦးက
" တချို့ကမရှိဘူး၊တချို့စားဖိုးတောင်မှ အခက်အခဲဖြစ်နေတယ်။ တချို့ရှိတဲ့အိမ်တော့ဘာမှမဖြစ်ဘူး။ ကိုဗစ်-၁၉ ကြောင့်လည်း စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်။ ဘယ်မှ အလုပ်သွားလုပ်လို့ရဘူး။ အရင်တုန်းဆိုရင် ခြံတွေမှာ သွားလုပ်စားလို့ရတယ်။ တောထဲသွားရင်လည်း မိုင်းနင်းမိမှာလည်းကြောက်ရတယ်။ ခုတော့အဝေးကို မသွားရဲဘူး။ စားဝတ်နေရေးလည်း အခက်အခဲရှိတယ်။ "လို့မားနဂါးသတင်းဌာနကိုပြောပါတယ်။
ခုလိုဆက်ကြေးတွေကောက်ခံတဲ့အပေါ်မှာ တချို့တော့ စားဝတ်နေရေးအတွက် ဖူလုံတာ သုံးလေးအိမ်လောက် သာရှိပြီး အိမ်တော်တော်များများက တစ်နေ့လုပ်တစ်နေ့စားလုပ်ရတဲ့ဘဝတွေဖြစ်နေတဲ့ အတွက်ကြောင့် တချို့ ကျေးရွာက မတက်နိုင်လို့ တောင်းပန်တာရှိတယ်။ တချို့ကျေးရွာက ဘာမှမပြောရဲဘဲ သူတို့ဘာပြောပြော ခေါင်းငုတ်ခံနေတာဖြစ်တယ်လို့ သူကဆက်လက်ပြောခဲ့ပါတယ်။
အရင်နှစ်တွေဆိုရင် ဆန်မကောက်ပဲ တစ်အိမ်ကို ပိုက်ဆံ ၃သောင်းကောက်ယူပြီး မပေးနိုင်ရင်တော့ လူလာ ခေါ်မယ်လို့ ခြိမ့်ခြောက်မှုတွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ဆန်ကိုသာကောက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂) ရက်နေ့မှာလည်း နမ္မတူမြို့နယ် ချောင်းဆာအုပ်စု ချောင်းဆာကျေးရွာမှာ ( RCSS)တပ်ဖွဲ့ အမှတ် (၃) တိုက်နယ်မှူး စိုင်းဖိုင်ဖဦးဆောင်တဲ့ အဖွဲ့က ချောင်းဆာအုပ်စု ချောင်းဆာကျေးရွာ ဘုန်းကြီး ကျောင်းမှာ ကျေးရွာပေါင်း (၈) ရွာရဲ့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ဆက်ကြေးကောက်ရန်အတွက် အစည်းအဝေးခေါ်တာတို့လည်းရှိခဲ့ပါတယ်။
အဆိုပါ ဆက်ကြေးကောက်ခံတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ပြော ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးကို အကြိမ်ကြိမ်ဖုန်းဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိပါ။

https://www.facebook.com/MarnagarMultimediaNews/posts/4119867578042436?__cft__[0]=AZUfTXTNmB9VAse4qBg7VeYeTs42Mew6B2wvv26dtvpb4DyIf7hXBfMTecGuANqFwF1XCeLAfaIA8tzgctKkwakSSfQ285Jqjf1zufgfWjOUETVXyU1XYACWbgL31Q8Xd2KePJ1xWGLZgYdadyoy-5UH&__tn__=%2CO%2CP-R

No comments:

Post a Comment