"CSSU အစည်းအဝေး လုပ်တိုင်း အစိုးရတွေက သိပ်မကြိုက်ဘူး။ သိပ်မကြိုက်တော့ အမြဲလာတားတယ်။ အဓိကအားဖြင့်တော့ အတတ်နိုင်ဆုံး စားပွဲဝိုင်းပေါ်မှာပဲ ဖြေရှင်းဖို့ စစ်ရေးနည်းလမ်း မသုံးဖို့ အကြမ်းဖျဉ်းဆွေးနွေးတာရှိပါတယ်"
By ရန်ကုန်ခေတ်သစ်
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ CSSU အဖွဲ့အစည်းအသီးသီးမှ ထိပ်သီးခေါင်းဆောင်များအပါအဝင် အလုပ်အမှုဆောင်အဖွဲ့တွေ စုစုပေါင်း ၆၅ ယောက်တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ CSSU အနေနဲ့ အထူးအစည်းအဝေးမှာ ဘယ်အချက်တွေကို အဓိက ထားဆွေးနွေးခဲ့လဲ။
ဖြေ။ ။ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာတော့ ရေးထားတယ်လေ ဒီ ညီလာခံ ၂၁ရာစု ပင်လုံပါမယ်။ နောက်ပြီးတော့ ပြီးသွားတဲ့ ရွေးကောက်ပွဲအကြောင်းတွေပါမယ်။ နောက်ပြီးတော့ တရုတ်မြန်မာ စီးပွားရေး စင်္ကြန်ပါ့။ အဲဒါတွေပါမယ်။ နောက်တခြား တိုင်းပြည်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဘာညာတွေပေါ့။ အဲအကြောင်းတွေ ပါပါတယ်။
မေး ။ ။ တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးဖြစ်တယ်။ စီမံကိန်းအတွက် မြေသိမ်းတာတွေရှိနေတော့လေ။
ဖြေ။ ။ စီမံကိန်းမှာဆိုရင်တော့ ရှိတာပဲလေ။ ခင်ဗျာတို့လည်းသိနေတာပဲ ရှမ်းပြည်နယ်မှာ စီမံကိန်းဆိုတာ အခုမှ စတာမဟုတ်ဘူး။ တောက်လျှောက်စနေတာကြာပြီကို။ ဒီစီမံကိန်းတွေက မြေသိမ်း ယာသိမ်း ဟိုပိုက်လိုင်းလုပ်ကတည်းက။
ကိစ္စတွေအကုန်လုံးပဲလေ။ အခုလည်း လုပ်မယ့် အဟောင်းတွေ လုပ်မယ့် အသစ်တွေကော ဒီပြဿနာတွေက ပေါ်ဦးမှာပဲလေ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဘယ်လို ပြည်သူလူထုဘက်က ဘယ်လိုရပ်တည်နိုင်မလဲဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ ဆွေးနွေးတာပါ။
မေး။ ။၂၀၂၀ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်လား။
ဖြေ။ ။ အဲဒါလည်း ကျွန်တော်တို့က သုံးသပ်နိုင်ရုံပါပဲ။ ကျွန်တော်တို့ ဘာတွေလုပ်ဆောင်ထားလဲပေါ့။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ ဆန္ဒမဲ လက်မှတ်ထိုးပြီးတော့ လူတစ်သောင်းကျော်ထိုးပြီး တင်ပြထားတာတွေတို့ RCSS တို့ဘာတို့ လက်နက်ကိုင်ဘက်ကလည်း သူတို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် သူတို့ကတော့ ကူညီမယ်လို့ အကောင်းမြင်တာတော့ ညှိထားတာတွေ အကုန်ထုတ်ထားပြီးသားလေ။
ဒီဘက်မှာ တိုက်ပွဲလည်းဖြစ်မနေဘူးလေ။ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခင်းအကျင်း အပြည့်အစုံရှိရဲ့နဲ့ UEC က မလုပ်ခဲ့တာကိုပဲ အဲဒီအပိုင်းတွေတော့ ဆွေးနွေးဖြစ်ပါတယ်။
မေး။ ။ ရှမ်းပြည်နယ် နှစ်ဖက် တိုက်ပွဲတွေကကလည်း ခဏခဏဖြစ်နေတဲ့ကိစ္စရော...။
ဖြေ။ ။ အသေးစိတ်တော့ သူတို့ဟာ သူတို့လုပ်ပါလိမ့်မယ်။ သူတို့ဖွဲ့ထားတဲ့ အဖွဲ့တွေရှိတယ်။ တာဝန်ပေးထားတဲ့ လူတွေရှိတယ်။ သူတို့ဆက်ပြီး ညှိနှိုင်းလိမ့်မယ်။ ဒီမှာကတော့ အဓိကအားဖြင့်တော့ အတတ်နိုင်ဆုံး စားပွဲဝိုင်းပေါ်မှာပဲ ဖြေရှင်းဖို့ စစ်ရေးနည်းလမ်း မသုံးဖို့ ဘာဖို့ ဒီလောက်ပဲ လူကြီးတွေက အကြမ်းဖျဉ်းဆွေးနွေးတာရှိပါတယ်။
မေး။ ။ ဒီ၃ရက်တာ ဆွေးနွေးပွဲက အားရကျေနပ်တဲ့ရလဒ်ထွက်လား။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံကလည်း ပြဿနာတွေ တောက်လျှောက်..။ ရှမ်းပြည်တစ်ခုတည်းလည်းမဟုတ်ဘူး။ ပြည်ထောင်စု တစ်ခုလုံးရဲ့ ပြဿနာတွေလည်းရှိတာကို ရရှိတဲ့ ၃ရက်လောက်လေးမှာ သူနဲ့ ထိုက်တန်တဲ့ အကြောင်းအရာ ဆွေးနွေးသင့်တဲ့ အကြောင်းအရာလောက်တော့ ပြီးအောင်ဆွေးနွေးနိုင်ပါတယ်။
ပြဿနာတစ်စုံလုံးကြီးကိုတော့ ဖြေရှင်းနိုင်လောက်တဲ့ ဆွေးနွေးချက်မျိုးတော့ ဘယ်ရမလဲ။ တိုင်းပြည်ရဲ့ ဒီလောက်ပြဿနာရှုပ်ထွေးနေတာ အတတ်နိုင်ဆုံးတော့ ဘယ်လိုဖြေရှင်းမလဲ။ ဘယ်လိုလုပ်ဆောင်သွားမယ်။ ဒီလောက်တော့ ဆွေးနွေးဖြစ်ပါတယ်။
မေး။ ။ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း BRI – CMEC စီမံကိန်းကြောင့် သိမ်းဆီးခံထားရတဲ့ မြေတွေ ဘယ်လောက်လောက်ရှိလာနိုင်လဲ။
ဖြေ။ ။ အဲဒါကတော့ ကျွန်တော်တို့ အတိအကျ data မကောက်ထားတဲ့အတွက်ကြောင့်မို့လို့ ဒီအပိုင်းကို သုတေသန လုပ်ထားတဲ့ အဖွဲ့အစည်းတွေလည်း မတွေ့မိသေးဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေလည်း အဲလောက် မလုပ်နိုင်ပါဘူး။ လုပ်နိုင်တဲ့သူရှိရင်လည်း လုပ်ဖို့တိုက်တွန်းပါတယ်။
မေး။ ။ ၃ရက်တာ ဆွေးနွေးပွဲမှာ SNLD ပါတီအနေနဲ့ ဘယ်အပိုင်းတွေ တင်ပြဆွေးနွေးခဲ့လဲ။
ဖြေ။ ။ ကျွန်တော်တို့က အားလုံးလွှမ်းခြုံပြီး တင်ပြတာပေါ့။ ကျွန်တော်တို့ ပါဝင်ပတ်သက်ရတဲ့အပိုင်းပေါ့။ ရွေးကောက်ပွဲဆို ကျွန်တော်တို့ အဓိက ပါဝင်ပတ်သက်ရတာလေ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုရင်လည်း ကျွန်တော်တို့လည်း ပါဝင်ပတ်သက်ရတယ်လေ။
ကျွန်တော်တို့ ပါဝင်ပတ်သက်ရတဲ့အပိုင်းကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့ရတဲ့အပိုင်းကို တင်ပြတဲ့သဘောပေါ့။ ဥပမာ RCSS ဆိုရင်လည်း သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေတယ်လေ အစိုးရနဲ့ သူတို့ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကိစ္စတွေရှိတယ်လေ ဥပမာ NCA မထိုးထားတဲ့ အဖွဲ့ဆိုရင်လည်း သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ တချို့ပေါ့။ ဘယ်လိုအခြေအနေရှိတယ်။ ဘာညာပေါ့။ အဲလိုတော့ ပြောဆိုဆွေးနွေးသုံးသပ်ရတာပေါ့။
မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။
ဖြေ။ ။ ခြုံပြီးတော့ ပြောရရင်တော့ ကျွန်တော်တို့ CSSU အစည်းအဝေး လုပ်တိုင်းလုပ်တိုင်း အစိုးရတွေက သိပ်မကြိုက်ဘူး။ သိပ်မကြိုက်တော့ အမြဲလာတားတယ်ပေါ့။ အခုက အွန်လိုင်းဆိုတော့ ပြီးစီးအောင်လုပ်နိုင်ခဲ့တယ်။
နောက်ပြီးတော့ ခေါင်းဆောင်ကြီးတွေပေါ့။ ဦးခွန်ထွန်းဦး တို့ ကျွန်တော်တို့ ဥက္ကဋ္ဌပေါ့။ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ဗိုလ်ချုပ်ကြီး ဆေထင်တို့ ဒါရှမ်းလက်နက်ကိုင်တွေပေါ့။ ရှမ်းတော်လှန်ရေးလက်နက်ကိုင်တွေကော နောက်ပြီးတော့ ရှမ်းနိုင်ငံရေးပါတီခေါင်းဆောင်တွေကော နောက် CSO ခေါင်းဆောင်တွေလည်း တွေ့ရတယ်ဆိုတော့ အကြမ်းဖျဉ်းအားဖြင့်တော့ ကောင်းမွန်တဲ့ တွေ့ဆုံမှုလို့ပဲပြောလို့ရတယ်။
ရလဒ် အရတော့ အများကြီး ရလဒ်ကတော့ ပြည့်ပြည့်စုံစုံမဟုတ်ပေမဲ့ တွေ့ဆုံမှုသဘောမရား အင်မတန်ကောင်းတယ်လို့ပြောလို့ရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်မယ့် အလုပ်တွေကိုလည်း ဒါ ဘာဆက်လုပ်ရမလဲ။ လုပ်ငန်းစဉ်ကိုတော့ အရမ်းအသေးစိတ် မဟုတ်ပေမယ့် ယေဘုယျဆန်တဲ့ လုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ဆွေးနွေးခဲ့နိုင်တယ်လေ အဲတာက ကောင်းမွန်တဲ့ အစည်းအဝေးတစ်ခုလို့တော့ သုံးသပ်လို့ရပါတယ်။
မေး။ ။ နောက်ဘယ်အချိန်လောက် ပြန်တွေ့ဖို့ရှိမလဲ။
ဖြေ။ ။ ကျွန်တော်တို့ CSSU မှာတော့ အတွင်းရေးမှူးများကတော့ ၂လ ၁ကြိမ်တို့ဘာတို့ ပုံမှန်ရှိတယ်လေ အခုကျင်းပတဲ့အစည်းအဝေးက အထူးအစည်းအဝေးပါ။ ညီလာခံရှိတယ်။ အထူးအစည်းဝေးရှိတယ်။
နှစ်ပတ်လည် အစည်းအဝေးတွေရှိတယ်။ ၆လတစ်ကြိမ် အစည်းအဝေးတွေရှိတယ်။ အဲဒီအတိုင်းပဲ လုပ်သွားမှာဖြစ်ပါတယ်။ လိုအပ်ရင် အရေးပေါ် အစည်းအဝေးတို့ အခုလို အထူးအစည်းအဝေးတို့ ခေါ်ရတာပေါ့။
https://www.facebook.com/khitthitnews/posts/1092107181226627?__cft__[0]=AZW66Q60nC3xakWev82Q3FNwuiHbvLyUjB8PdiaHGPXdxVjPpNGly923xX7TTocRkKHE6DthJIU17Domk5WzJ2WuFTR6C8PV26hTabMOolx1CFd5AHx0nx3jzV8sG8IyMC_wcvQI1SnFNc-I8DO4n22B&__tn__=%2CO%2CP-R
No comments:
Post a Comment