ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ဝိုင်းမော်မြို့နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ပြီး တိုက်မိုင်းကိုယ်ထည် ၁၀ လုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ဟု တပ်မတော် ထုတ်ပြန်

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်း မိုင်းရှင်းလင်းရေး ဆောင်ရွက်စဉ် တိုက်မိုင်းကိုယ်ထည် ၁၀ လုံးအား ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ ကနဦး ပြန်လည် နေရာချထားရန် လျာထားသည့် ကျေးရွာ ၂၄ ရွာမှ အတည်ပြု ရွေးချယ်ထားသော ကျေးရွာ ၁၇ ရွာအနက် ပထမဦးစားပေးအဖြစ် ရွေးချယ်ထားသည့် ဝိုင်းမော်မြို့နယ် အတွင်းရှိ တဘက်ယန်ကျေးရွာအတွင်း ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ တပ်မတော်က မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ တစ်ခုနှင့် ကျေးရွာ အဝင်/အထွက် လမ်းများအား မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
မိုင်းရှင်းလင်းရေး ဆောင်ရွက်ထားပြီးသော အထက်ပါ စာရင်းများအား ဒီဇင်ဘာ ၁၇ ရက်တွင် ဝိုင်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ထံ တပ်မတော်က အပ်နှံပေးခဲ့ပြီး ကျေးရွာအတွင်း မိုင်းရှင်းလင်းရေး ဆောင်ရွက်စဉ် တိုက်မိုင်းကိုယ်ထည် ၁၀ လုံးအား ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့် ရှောက်ရေးကော်မတီ (KHCC) တို့ ဒီဇင်ဘာ ၁၆ ရက်တွင် Video Conferencing စနစ်ဖြင့် ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲတွင် ရွာပေါင်းကိုးရွာနှင့် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်ရန် သဘောထားရရှိခဲ့ကြောင်း KHCC မှ ဦးခါးလီက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် KHCC တို့၏ ဒီဇင်ဘာ ၁၆ ရက် အစည်းအဝေးသည် စတုတ္ထအကြိမ် အစည်းအဝေးဖြစ်ပြီး တတိယအကြိမ်အထိ ပြုလုပ်ခဲ့ပြီးသော အစည်းအဝေးတွင် ရွာပေါင်း ၁၇ ရွာ နေရပ်ပြန်ရန် သဘောတူညီမှု ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် KHCC တို့ တတိယအကြိမ် အစည်းအဝေးအပြီး နေရပ်ပြန်ရန် သဘောတူညီမှု ရရှိထားသည့် ကျေးရွာ ၁၇ ရွာတွင် ဒေသခံများ လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရန် လိုအပ်သော ကျေးရွာများတွင် တပ်မတော်က မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ထပ်မံ၍ သဘောထား ရရှိခဲ့သော ရွာပေါင်းကိုးရွာတွင် မိုင်းရှင်းလင်းရန် လိုအပ်ပါက တပ်မတော်ကပင် မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း KHCC မှ ဦးခါးလီ၏ ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားထားချက်အရ သိရသည်။
စစ်ဘေးရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် စစ်ရှောင်စခန်းများ ပိတ်သိမ်းရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းသည် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဇင်ဘာ ၁၆ ရက်တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော အစိုးရနှင့် KHCC တို့၏ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းသည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
https://news-eleven.com/article/200439
No comments:
Post a Comment