ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်လာရန် တိုင်းရင်းသား ခေါင်းဆောင်များ မျှော်လင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်း များ အနေဖြင့် အစိုးရသစ် လက်ထက် တွင် ပိုမိုပူးပေါင်း လုပ်ဆောင်နိုင် ရန် မျှော်လင့်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း အချို့က ပြောသည်။
ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပဋိပက္ခများ လျော့နည်း လာနိုင်သည်ဟု သုံးသပ်သည်။
“NLD ပါတီ အနေနဲ့ လည်း ပြည်သူတွေရဲ့ မန်းဒိတ်ကို အပြည့်အဝရတော့ လွတ်လွတ် ကျွတ်ကျွတ် ကိုယ်လိုချင်တဲ့ ပေါ်လစီကို အကောင်အထည် ဖော်နိုင်တယ်။ ကျနော်တို့ EAOs တွေကလည်း အပြည့်အ၀ ပံ့ပိုးပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်။ အဲဒီအချိန်မှာ တပ်မတော်ဖက်ကလည်း နားလည်မှု ရှိရှိနဲ့ ပူးပေါင်း ဆောင်ရွက်မယ်။ အခု လက်ရှိလည်း တပ်မတော်က ညှိနှိုင်းရေး အဖွဲ့တွေ ဖွဲ့ပြီးတော့ ရှေ့တစ်လှမ်းတိုးနေတဲ့ အခါကျတော့ အား လုံးက ကျနော်ထင်တယ် ပဋိပက္ခ အငြင်းပွားမှု နည်းနည်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု များများနဲ့ လုပ်နိုင်မယ် နှစ် ၅ နှစ်တော့ ကျနော် အဲလိုတော့ ရည်မှန်းပါတယ်”
၂၀၁၅ မှ ၂၀၂၀ ခုနှစ် လက်ရှိ အစိုးရသက်တမ်းတွင် စစ်ဖက်အရပ်ဖက် ဆက်ဆံရေးသော်လည်းကောင်း၊ အစိုးရနှင့် တပ်မတော်တို့ ဆက်ဆံရေးသော်လည်းကောင်း၊ တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆက်ဆံရေးသော်လည်း အားမကောင်းခဲ့သည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် တိုးတက်သင့်သလောက် တိုးတက်မှုကို မရရှိခဲ့ဘူး ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
လက်ရှိတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအတွက် တပ်မတော်က ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် သည့် တွေ့ဆုံဆွေးနွေးရေး ကော်မတီကို ဖွဲ့စည်းထားသကဲ့သို့ အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်လက် တွေ့ ဆုံ ဆွေးနွေးသွားရန် ရှိသည် ဟု ဆိုသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က လုပ်ငန်းစဉ်များ ပိုမို လျင်မြန်လာရန် မျှော်လင့်ထားသည်။
“ကျနော် တစ်ယောက်အနေနဲ့ သုံးသပ် မိတာကတော့ လာမယ့် အစိုးရသစ် ဖွဲ့စည်းပြီးတဲ့ နောက်မှာကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ် သက်ပြီး အစိုးရရော တပ်မတော်ကပါ တပ်သုတ်ရိုက် လောလောပြီး သွားချင်လိုတဲ့ ဆန္ဒတွေပေါ်တယ်။ ကျနော် အဲ့သလို အမြင်ရှိတယ်။ ဘာကြောင့်လဲဆိုရင် အခုဖွဲ့စည်းလိုက်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပြန်လည်ဖွဲ့စည်းတယ်ဆိုပေမယ့်လည်း လူဟောင်းတွေပါပဲ အကုန်ပြောရင် တော့ အရင်တုန်းက ဖွဲ့စည်း လိုက်တဲ့ ကိုယ်စားလှယ်ဟောင်းတွေပါပဲ။ အစိုးရဖက်ကတော့ NRPC ကိုတော့ ပြန်လည်စုဖွဲ့မယ့် သဘော တော့ ရှိလိမ့်မယ်လို့ ကျနော်ကတော့ ဒီလိုမြင်တယ်”
ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တွေ့ဆုံမှု ရှိခဲ့ကြသကဲ့သို့ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြသည်။
ခူးဦးရယ်က “ကျနော်တို့ တွေ့ဆုံတုန်းကလည်း သူတို့ ပြန်လည် Reform လုပ်မယ်ဆိုတာလည်း ပြောတာ တွေ ရှိပါတယ်။ ဆိုတော့ ကျနော်နားလည် ရသလောက်ဆိုရင် လူဟောင်းတချို့နဲ့ လူသစ်တချို့ ပေါင်း စပ် ပြီးတော့ နည်းနည်း အားကောင်းကောင်းနဲ့ သူတို့စုဖွဲ့လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ပေါ့နော။ ဒါမှ ပိုပြီး အလုပ်ဖြစ်မယ်ဆိုတဲ့ သဘောမျိုးလို့ ကျနော်နားလည်ပါတယ်။ အဲဒီတော့ ခုနပြောသလို့ပဲ အစိုးရ ကိုယ်စား လှယ်တွေရော တပ်မတော်ကပါ ပြန်လည်စတင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစောဆုံး ဖြစ်နိုင်အောင် သူတို့ အခုကတည်းပေါ့နော ပြင်ဆင်နေတယ်လို့ ကျနော်အဲလိုနားလည်တယ်” ဟု ဆက် ပြောသည်။
တစ်ချိန်တည်းတွင် NCA အပစ်ရပ် လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများကလည်း အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘာ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အဖွဲ့ဝင် ၁၀ ဦးပါသည့် တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းထားသည်။
ထို့အပြင် ရွေးကောက်ပွဲကြောင့်သော်လည်းကောင်း၊ COVID-19 ကပ်ရောဂါကြောင့်သော်လည်းကောင်း ရပ်တန့်နေသည့် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့၏ တွေ့ဆုံမှုများမှာ အစိုးရနှင့် တပ်မတော်ဖက်မှ ဆက်သွယ်လာပါက အချိန်မရွေး ပြန်လည် စတင်နိုင်သည့် အနေအထားတွင်ရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောဆိုထားသည်။
ထိုအခြေအနေများအောက်တွင် လာမည့် ၅ နှစ်တာ ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းမှု နှင့်ပတ် သက်၍ “ငြိမ်းချမ်းရေး လိုချင်တာ တပ်မတော်ဖက် အစိုးရဖက် လက်နက်ကိုင် အဖွဲ့အစည်းဖက် တစ်ပြေး ညီဖြစ်ရင်တော့ သူ့ဟာသူ ရသွားမှာ။ တစ်ပြေးညီ မဖြစ်ရင်တော့ ပျောက်ကြားပျောက်ကြား ကျန်ခဲ့မှာပဲ ဒါပေမယ့် တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြောရင်တော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြောရင်တော့ ကျ နော်တို့ အပစ်အခတ်ရပ်စဲရေး တည်ငြိမ်မှုကတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမယ့် အားလုံး ရာခိုင်နှုန်းအပြည့်တော့ ကောင်း ဖို့မလွယ်ဘူး။ တစ်ကွက်တစ်လေ ကျန်မယ်။ တစ်နေရာ မဟုတ် ရင် တစ်နေရာကျန်မယ်။ သို့သော်လည်းပဲ ယေဘုယျအားဖြင့်တော့ ကျနော်တို့ တစ်ပြည်လုံး တည်ငြိမ်အေး ချမ်းမှုနဲ့ ဒီငြိမ်းချမ်းရေး သဘောမျိုးဆောင်တဲ့ အရွေ့တစ်ခုကို ရောက်မယ်လို့တော့ ထင်ပါတယ်။ ဒီလာမယ့် ၅ နှစ် မှာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သုံးသပ်ပြောဆိုသည်။
ထို့ကြောင့် လာမည့် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့် သက်ဆိုင် ရာ အဖွဲ့အစည်းများအ နေဖြင့် ပဋိပက္ခအသွင်ဆောင်သည့် အညင်းပွားစရာ ဆွေးနွေးညှိနှိုင်းမှုများထက် အပြုသဘောဆောင်သည့် ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုသည်ဟု ဆိုသည်။
လက်ရှိ အစိုးရသက်တမ်းတွင် ရခိုင်ဒေသမှလွဲ၍ အခြား တိုင်းရင်းသား ဒေသများမှာ တပ်မတော်နှင့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ လျော့ နည်းသွား သော် လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုများမှာ ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် က ထက် တိုးတက်မှုမရှိပဲ နှေးကွေးနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ၊ တက်ကြွ လှုပ် ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ပြောသည်။
http://www.nmg-news.com/2020/12/27/12630
No comments:
Post a Comment