Saturday, December 26, 2020

ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်တို့တွင် မြန်နှုန်းမြင့်အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် အသံအဖွဲ့တောင်းဆို

 ရခိုင်ပြည်နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်နှုန်းမြင့်အင်တာနက်လိုင်း အမြန်ဆုံးပြန်ဖွင့်ပေးရန် တောင်းဆိုကြောင်း အသံအဖွဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင် ကပြောကြားသည်။


"အင်တာနက်ပြန်ဖွင့်ပေးတဲ့နေရာမှာလည်း နာမည်ခံ ၂ွ စနစ်သာမဟုတ်ဘဲနဲ့ သုံးလို့ရတဲ့ အနေအထား၊ ကောင်းမွန်စွာသုံးလို့ရတဲ့အနေအထားမျိုးဖွင့်ပေးဖို့အတွက် အရေးကြီးပါတယ်။ 4 G အင်တာနက်ဖွင့်ပေးဖို့ အကြံပြုတောင်းဆိုပါတယ်။ ဒီလိုမျိုးအင်တာနက်ဖြတ်တောက်ထားမှုကို အလွယ်တကူလုပ်လို့ရနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မပါ ဖျက်သိမ်းပေးဖို့တောင်းဆိုပါတယ်။ အင်တာနက်ပြန်ဖွင့်ပေးရေးဟာ တစ်ရက်နောက်ကျ တာနဲ့အမျှ မြေပြင်မှာ အသက်နဲ့ဘဝနဲ့ နစ်နာကြတယ်။ ဒါကြောင့်မို့လို တစ်ရက်တောင်နောက်မကျဘဲနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်" ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မူလကတည်းက အင်တာနက်ကောင်းစွာမရရှိသေးသည့် ဒေသများရှိပြီး ယင်းဒေသများတွင်လည်း အင်တာနက်ကောင်းစွာရရှိရန် လုပ်ဆောင်ပေးရန် လိုအပ်နေပြီး ရခိုင်ပြည်နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှစပြီး အင်တာနက်ဖြတ်တောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ကာ ထပ်မံ၍ ဩဂုတ်လ ၂ ရက်နေ့က အင်တာနက်ပိတ်ထားသည့် မြို့နယ်များအားလုံးကို ပြန်ဖွင့်ပေးခဲ့သော်လည်း မြန်နှုန်းမြင့်အင်တာနက်လိုင်းမဟုတ်ဘဲ ၂ွ အင်တာနက်လိုင်းသာ ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသောဒေသများနှင့် ပဋိပက္ခမဖြစ်ပွားသောဒေသများရှိ ဒစ်ဂျစ်တယ်အခွင့်အရေးတို့အပေါ် လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အင်တာနက်ရရှိမှုသည် လက်နက်ကိုင်ပဋိပက္ခရှိခြင်း၊ မရှိခြင်းအပေါ်မူတည်၍ ကွဲပြားမှုရှိနေသကဲ့သို့ ပဋိပက္ခအရှိန်မြင့်ခြင်း၊ နိမ့်ခြင်းပေါ်တွင်လည်း ကွဲပြားမှုရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

"အင်တာနက်ဖြတ်တောက်မှုတွေ၊ ပြည်တွင်းစစ်စတဲ့ တောင်းဆိုလှုပ်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုချင်ပါတယ်။ ပြီးတဲ့အခါမှာ ဒစ်ဂျစ်တယ်အခွင့်အရေးကို အာမခံပေးနိုင်တဲ့ ယန္တရားတွေ၊ မူဝါဒတွေချပေးနိုင်ဖို့ တိုက်တွန်းတောင်းဆိုချင်ပါတယ်။ ဒီလိုမျိုး ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာယန္တရားတွေ ဖော်ဆောင်ပေးနိုင်ဖို့ ဖျက်သိမ်းသင့်တဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့၊ ပြီးတဲ့အခါမှာ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေ တွေပြဋ္ဌာန်းပေးဖို့ အလေးအနက်ထားပြီးတော့ တိုက်တွန်းတောင်းဆိုပါတယ်"ဟု ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

အင်တာနက် ပိတ်ဆို့ခံရခြင်း၊ သတင်းဝက်ဘ်ဆိုက်များ ပိတ်ပင်ခံရခြင်းနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အပေါ်တွင် လူ့အခွင့်အရေး စံချိန်စံညွှန်များနှင့် မကိုက်သည့် တည်ဆဲဥပဒေများကို အသုံးပြုကာအရေးယူမှုများ တွေ့ရှိနေရကြောင်း၊ အင်တာနက်ဖြတ်တောက်ခြင်း၊ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်ခံရခြင်း၏ နောက်ဆက်တွဲအနေနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာစီတန်း လှည့်လည်ခြင်းစသည့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများပါ ဆက်လက်ချိုးဖောက်ခံနေရသည်ကို လေ့လာတွေ့ရှိရကြောင်း အသံအဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

http://thevoicemyanmar.com/news/45196-kai

No comments:

Post a Comment