AA နှင့် ဆက်သွယ်သည်ဟုဆိုကာ နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး သိန်း ၁၅၀ တန်ဖိုးရှိ အိမ်သုံးပစ္စည်းများ တပ်မတော်က ယူဆောင်သွားဟု တိုင်တန်း
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒလအနောက်ရွာတွင် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ ဦးတိုးတိုးထွေးနေအိမ်သို့ တပ်မတော်စစ်ကြောင်းက နှစ်ကြိမ်တိုင် လာရောက်ရှာဖွေခဲ့ပြီး သိန်း ၁၅၀ တန်ဖိုးရှိ အိမ်အသုံးအဆောင်ပစ္စည်းများကိုယူဆောင်သွားသဖြင့် ရခိုင်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ကို တိုင်တန်းလာကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
တပ်မတော်စစ်ကြောင်းက ဦးတိုးတိုးထွေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေမှုသည် ၂၀၂၀ ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကာယကံရှင်ကိုယ်တိုင်က ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကို တိုင်တန်းလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
"အမ်းမြို့နယ်ဒလအနောက်ဘက်ရွာမှာ တပ်မတော်စစ်ကြောင်းက ဝင်လာတော့ AA ကို ဆက်သွယ်တယ် AA ကို အကူအညီပေးတယ်ဆိုပြီးတော့ လာရှာဖွေတယ်ပေါ့။ နောက် ၆ လပိုင်း ၂၇ ရက်နေ့မှာတော့ အလုံးအရင်းနဲ့ ဝင်လာပြီးတော့ သူ့မှာ ရှိတာတွေကို အကုန်ယူသွားတယ်ဆိုပြီးတိုင်တယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တိုင်ပေးမယ်လို့ ပြောတော့ ကာယကံရှင်က ဘာပြောလဲဆိုတော့ လူ့အခွင့်အရေးကော်မရှင်ကို တင်လို့ရှိရင်တဲ့ စစ်ဆေးမယ်ဆိုရင် တပ်မတော်က သူ့ကို လာပြီးတော့ ခေါ်မယ်၊ အဲဒါသူ့အနေဲ့ သူတို့ကို ယုံကြည်မှုမရှိဘူး။ အဲဒါကြောင့် ဘာမှ မလုပ်ပါနဲ့လို့ ကာယကံရှင်က ပြောတယ်။ အခုက သတင်းထုတ်ပြန်တဲ့ သဘောပဲ။ နေ့ရက်လ အချိန်အတိအကျ ကာယကံရှင်ကိုယ်တိုင်က အတိအကျ ထွက်ဆိုတယ်။ ရဲစခန်းမှာ အမှုဖွင့်ဖိုကလည်း တင်းမမှာ ကျေးရွာသားတွေပျောက်တာကို ကျောက်တော်ရဲစခန်းမှာသွားတိုင်တာ ခြိမ်းခြောက်တယ်။ တိုင်ချက်တွေကို ဖျောက်ဖျက်ပစ်တယ်ဆိုတာမျိုးရှိနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီကလူတွေက ဘာမှ မတတ်နိုင်ဘူး အဲဒီလိုပဲခံနေရတာပဲ" ဟု ဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလ အနောက်ရွာနေ (ဘ)ဦးနီတူ၏သားအသက် ၄၂ နှစ်ရှိ ဦးတိုးတိုးထွေးနေအိမ်ကို မြန်မာ့နပ်မတော်အမှတ် ၆၆ တပ်မှလူအင်အား ၁၀၀ ကျော်ခန့်က ဇွန်လ ၃ ရက်နေ့တွင် ဝင်ရောက်လာပြီးရှာဖွေခဲ့ပြီး ခေါက်ချိူး Video တစ်လုံး မျက်မှန်တစ်လက်နှင့်မိသားစုဓါတ်ပုံှဗီနိုင်းတစ်ချပ်ယူဆောင်သွားကြောင်း၊ ယင်းနောက် ဇွန်လ ၂၇ ရက်နေ့တွင် နောက်ထပ် တစ်ကြိမ် ထပ်မံလာရောက်ပြီး အိမ်တွင်းရှိစက်ပစ္စည်းများဖေါက်စက်တစ်လုံး၊ သံဖြတ် Cutter တစ်ခု ၊ မီးခံသေတ္တာ၊ ရေခဲသေတ္တာ ၊ကွန်ပျူတာ၊ မီးစက် TV အင်ဗက်တာစက်ဂြိုလ်ခေါင်း ၃ ခေါင်း ၊ဘတ္တရီအိုးနှင့်ကျောက်စိမ်းဘုရားဆင်းထုတော်တစ်ဆူ စုစုပေါင်း ကျပ်သိန်း ၁၅၀ ဖိုးခန့်ကို ယူဆောင်သွားကြောင်း ကာယကံရှင် ဦးတိုးတိုးထွေးက ပြောဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ က ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်လိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အာဏာပိုင်များက အရေးယူရန် တောင်းဆိုထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ကြိုးစား၍ ဆက်သွယ်နေဆဲဖြစ်ပြီး ယခုအချိန်အထိ အဆက်အသွယ်မရရှိခြင်း၊ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။
https://www.facebook.com/khitthitnews/posts/1095300477573964?__cft__[0]=AZU8ByF8TlCD4sJ23nx82sL1VTDO9MI5qdSpD0DEIaYAkIJdooElgH3dKtuahfl0AaQ2mGVfbqucf7MG8QTXachKmbHINrbBHsP-KaW2Znx1E3KiPbDqclbsedyPA1vImU7XVc9p0FpfL4o3nBZ-SJdMZxRag88yeIRgWaQPtJPzrQ&__tn__=%2CO%2CP-R
No comments:
Post a Comment