Wednesday, December 23, 2020

(၇၃)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

 (၇၃)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၄

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော် (ရေ)သည် ယနေ့တွင် (၇၃)နှစ် တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့(၇၃) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။


အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး  H. E. Dr. Nikolay A. LISTOPADOV ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Saurabh Kumar ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယရေတပ်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။


အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အိန္ဒိယတပ်မတော်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ရေငုပ်သင်္ဘောလွှဲပြောင်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက်ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စု မှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ တပ်တော်ဝင် အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရ၀ပြုပေးအပ်သည်။


ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော် ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။


၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ) အပါအဝင် ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊  ၄၉ မီတာ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ၁ စီး၊  ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် ၁ စီးနှင့် ၂၆ မီတာ ပင်လယ်သွား တွဲဆွဲရေယာဉ် ၂ စီးတို့အား လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)၏ အမည်ကဗ္ဗည်းအား မင်္ဂလာကြိုးဆွဲ၍ဖွင့်လှစ်ပေးပြီး ရေငုပ်သင်္ဘော စစ်ရေယာဉ်အား လှည့်လည်ကြည့်ရှုလေ့လာကာ စစ်ရေယာဉ်မှူးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ် (ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်) တို့မှ အမြောက်(၁၉)ချက် ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။  ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)၊ ဖရီးဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက် စစ်ရေယာဉ် (တပင်ရွှေထီး)နှင့် အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက်ဂုဏ်ပြုအလေးပြုပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆန် ခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရ၀ပြုပေးအပ်သည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ချီးမြှင့်ရာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူး ကလက်ခံရယူသည်။ ဆက်လက်ပြီး ဂုဏ်ပြုချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များနှင့် တပ်တော်ဝင်စစ်ရေယာဉ်မှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ရာ ဗျူဟာစစ်ရေယာဉ်စုမှူးနှင့် ရေငုပ်သင်္ဘော စစ်ရေယာဉ်မှူးတို့က အသီးသီးလက်ခံ ရယူကြသည်။


၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယခုကဲ့သို့ မြန်မာ့တပ်မတော်(ရေ)၏ တပ်တော်ဝင်အခမ်းအနားကို တက်ရောက်လာကြသည့် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်တော်ကြီးများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့သည် မိမိတို့တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကိုဖြည့်တင်းပေးနိုင်ခဲ့သည့် နေ့တစ်နေ့ဟုလည်း ပြောကြားနိုင်ပါကြောင်း၊ စွမ်းအားကြီးမားသည့် ရေငုပ်သင်္ဘော တပ်တော်ဝင်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသည့် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များကိုလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြားလိုပါကြောင်း၊ ယနေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ်အပါအဝင် မိမိကိုယ်ပိုင်စွမ်းအားဖြင့် တည်ဆောက်နိုင်ခဲ့သော စစ်ရေယာဉ် ၆ စီးဖြစ်သည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၁ စီး၊ တင့်ကားတင်ကမ်းထိုးရေယာဉ် ၁ စီးနှင့် ပင်လယ်သွား တွဲဆွဲရေယာဉ် ၂ စီးတို့ကိုလည်း တပ်တော်ဝင်နိုင်ခဲ့ပါကြောင်း။


မြန်မာ့တပ်မတော်(ရေ)အနေဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ဖွဲ့စည်းနိုင်ရေးအတွက် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေငုပ် သင်္ဘောတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရန် အလွယ်တကူကြိုးပမ်းမှုဖြင့် မရရှိနိုင်သည်ကို သိရှိကြ မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ သွားရောက်၍ ရေငုပ် သင်္ဘောတပ်ဖွဲ့ဖွဲ့စည်းနိုင်မှုနှင့် ပတ်သက်သည်များကို လေ့လာဆွေးနွေးခဲ့မှုများပြုလုပ် ခဲ့ပါကြောင်း၊ ခရီးစဉ်များအတွင်း သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတော်အကြီးအကဲများ၊ ရေတပ်အကြီးအကဲများနှင့် တွေ့ဆုံနိုင်ခဲ့ပြီး နိုင်ငံအချင်းချင်း၊ တပ်မတော်အချင်းချင်း နားလည်ယုံကြည်မှုရရှိခဲ့သဖြင့် ခေတ်မီတပ်မတော် တည်ဆောက်ရေးကဏ္ဍကို ပိုမို အထောက်အကူရစေခဲ့ပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးစွမ်းပကား မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ပြောကြားရာတွင် “ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံစွမ်းအား (National Power) တည်ဆောက်ရာမှာ စစ်ရေးစွမ်းအား (Military Power) တည်ဆောက်ခြင်းဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ၂၁ ရာစုခေတ်သစ်စစ်ပွဲတွေရဲ့ သဘောတရားအရ ရေတပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့ စစ်ဆင် ဆောင်ရွက်ခြင်းထက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ခြင်းအားဖြင့် ရည်မှန်း ချက်အပေါ် ထိရောက်အောင်မြင်မှု ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ကျွန်တော်တို့ တပ်မတော်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် တို့ကို ထိရောက်စွာ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိအောင် ရည်မှန်းပြီးတော့မှ တစ်ပြိုင်တည်းစွမ်းအားမြှင့်တင် ဆောင်ရွက်ပေးခဲ့တာကို ကျွန်တော်လုပ်ခဲ့ပါတယ်။”


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် တပ်မတော် (ရေ)ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခု ၇၃ နှစ်ရှိပြီဖြစ်ကြောင်း၊ စတင်တည်ထောင်စဉ်က ဗြိတိသျှရေတပ်က လွှဲပြောင်းပေးခဲ့သည့် ဒုတိယကမ္ဘာစစ်လက်ကျန် ဖရီးဂိတ်စစ်ရေ ယာဉ် ၁ စီးနှင့် တိုက်ရေယာဉ် ၁၄ စီးတို့ဖြင့် စတင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်(ရေ)အနေဖြင့် သက်တမ်းအားဖြင့် ၇၃ နှစ်ရှိလာပြီဖြစ်သည့်အပြင် ရေငုပ် သင်္ဘောအပါအဝင် ခေတ်မီစစ်ရေယာဉ်ကြီးများဖြင့် ဖွဲ့စည်းအင်အားဖြည့်တင်း တည် ဆောက်လာနိုင်ပြီဖြစ်ပါကြောင်း။


မြန်မာ့တပ်မတော်(ရေ)ကို စွမ်းအားမြှင့်တင်ရာတွင် ခေတ်မီစစ်ရေယာဉ်များကို ပြည်ပနိုင်ငံများမှ ဝယ်ယူဖြည့်တင်းခြင်းသာမက ကိုယ်တိုင်တည်ဆောက်ဖြည့်တင်းခြင်း ဖြင့်လည်း အင်အားဖြည့်တင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တပ်မတော်(ရေ)ကို တပ်တော်ဝင်ပေးခဲ့သည့် စစ်ရေယာဉ် ၆ စီးသည်လည်း ကိုယ်ပိုင်ဒီဇိုင်းနှင့် ကိုယ့်အားကိုယ် ကိုး တည်ဆောက်ပေးခဲ့သည့် စစ်ရေယာဉ်များပင်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခေတ်မီပြီး စွမ်းအားမြင့်မားသည့် စစ်ရေယာဉ်များတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေငုပ်သင်္ဘောအမည် ပေးအပ်ခြင်းနှင့် တပ်မတော်(ရေ)ကို အဆင့်မြှင့်တင်နေမှုများနှင့် ပတ်သက်၍ ပြောကြားရာတွင် “ဒီနေ့တပ်တော်ဝင်နိုင်ခဲ့တဲ့ ရေငုပ်သင်္ဘောရဲ့နာမည်ကို မင်းရဲသိင်္ခသူလို့ နာမည် ပေးထားပါတယ်။ မင်းရဲ ဆိုတာကတော့ အလွန်ရဲရင့်တဲ့ သူရဲကောင်းလို့ အဓိပ္ပာယ်ရပါတယ်။ သိင်္ခသူကတော့ အောင်မြင်ခြင်းဦးစွန်းလို့ အဓိပ္ပာယ်ရပြီး ရန်အပေါင်းကို အောင်မြင်စွာ ချေမှုန်းနိုင်သူဖြစ်ပါတယ်။ ရှေးမြန်မာမင်းများလက်ထက် ရန်အပေါင်းကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့တဲ့ အလွန်ရဲရင့်တဲ့ သူရဲကောင်းများကို ပေးအပ်ချီးမြှင့်လေ့ရှိတဲ့ ဘွဲ့အမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးနဲ့မည်သည့် ကျူးကျော်မှုကိုမဆို ရဲစွမ်းသတ္တိရှိစွာနဲ့အောင်မြင်စွာ ချေမှုန်းနိုင်ဖို့အတွက် ဒီအမည်ကို ကျွန်တော်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့အခမ်းအနားဟာ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူကို တပ်တော်ဝင်နိုင်ခဲ့သလို၊ ရေငုပ်သင်္ဘောတပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့တဲ့ သမိုင်းဝင်နေ့ တစ်နေ့ဖြစ်ကြောင်းလည်း ကျွန်တော်ပြောကြားလိုတယ်။ ဒါ့အပြင် တပ်မတော်(ရေ)ကို သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိတဲ့ ရေတပ် (Three Dimensional Navy) အဆင့် စတင်တက်လှမ်းနိုင်ဖို့ ဆောင်ရွက်ပေးနိုင် ခဲ့တဲ့နေ့တစ်နေ့ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။”


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ် (မုတ္တမ) ပေါ်မှတစ်ဆင့် တပ်တော်ဝင်စစ်ရေယာဉ်များကို ကြည့်ရှုလေ့လာခဲ့ကြပြီး တပ်တော်ဝင် အခမ်းအနားသို့ လာရောက်သတင်းရယူခဲ့ကြသည့် သတင်းမီဒီယာများအား ရင်းနှီးစွာ လက်ဝှေ့ယမ်းပြနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://cincds.gov.mm/node/10079

No comments:

Post a Comment