"မြန်မာပြည်မှာ မျက်စိမှိတ်ပြီးတော့ အမှောင်ထဲမှာ ဗေဒင်ဟောရသလိုပဲ။ တပ်က AAနဲ့ တွေ့နေပြီ မူဆလင် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို စကားလုံးကို စသုံးတယ်။ ဆိုတော့ တပ်ကဘယ်လိုသွားမလဲ။ NLD အစိုးရကဘယ်လိုသွားမလဲ။ ဗန်းစကားနဲ့ပြောမယ်ဆိုရင် ရွှီးနေတာလား"
By ရန်ကုန်ခေတ်သစ်
အပြည်ပြည်ဆိုင်ရာ တရားရုံးICJ က ၎င်းတို့ချမှတ်ထားသော ကြားဖြတ်အမိန့်များကို အကောင် အထည်ဖော်ခြင်းရှိ၊ မရှိစောင့်ကြည့်စိစစ်မည့် ကော်မတီတစ်ရပ် (ad Hoc committee) ကို ဖွဲ့စည်းလိုက်ကြောင်း ICJ က ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်သည်။
ICJ တရားရုံး ဆိုင်ရာ ဥပဒေ၊ ဆုံးဖြတ်ချက်များအရ ယင်းသို့ ဖွဲ့စည်းခြင်းဖြစ်ပြီး ယင်းကော်မတီတွင် တရားသူကြီး ၃ ဦးပါဝင်ကြောင်း၊ အဆိုပါ ကော်မတီက တရားရုံးက ချမှတ်ထားသော ကြားဖြတ်အမိန့်များ အကောင်အထည်ဖော်ခြင်းများကို စောင့်ကြည့်လေ့လာခြင်းဖြင့် တရားရုံးကို ထောက်ကူပေးမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ဘက်ပေါင်းစုံက ပေးလာသော သတင်းအချက် အလက်များ စိစစ်ပြီး တရားရုံးတော်သို့ တင်ပြမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ဆုံးဖြတ် ချက်များကို တရားရုံးတော်က ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ICJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ်အမိန့် တစ်ရပ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ချမှတ်ထားခဲ့ပြီးဖြစ်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတကာရေးရာ သုံးသပ်သူ တပ္မဒီပအင်စတီကျူဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ICJ က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်အမိန့်ကို စိစစ်ဖို့ တရား သူကြီး ၃ ဦးပါတဲ့ စိစစ်စောင့်ကြည့် ကော်မတီဖွဲ့စည်းမှုအပေါ် ဘယ်လို သုံးသပ်လဲ။
ဖြေ။ ။ ပုံမှန်ဆိုရင်တရားသူကြီးအဖွဲ့က ၁၅ယောက်ရှိတယ်လေ ကြားဖြတ်အစီအစဉ်တွေ ကြားဖြတ်တောင်းဆိုချက်တွေ ဖြစ်မြောက်အောင်ဆိုပြီးတော့သူက စောင့်ကြည့်ပြီးတော့ သူတို့အနေနဲ့ ဖွဲ့လိုက်တယ်လေ အဲတာက ပိုပြီးတော့ အလုပ်တွင်ကျယ်အောင်လုပ်တာ ဘာမှထွေထွေ ထူးထူးမဟုတ်ဘူး။
ဘာလို့ဆိုတော့ ၁၅ယောက်တုန်းက အကုန်လုံး စုစည်းပြီးတော့ ထိုင်မယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် အချိန်ကလည်းကြာတယ်။ လက်လည်းဝင်တယ်လေ အခုဟာက ပိုပြီးတော့ မြန်ဆန်သွက် လက်အောင် အလုပ်ဖြစ်အောင်ဆိုပြီးတော့ ၃ယောက်တည်းလုပ်လိုက်တာ အဲတာပါ။ လုပ်ရိုးလုပ်စဉ်ကို ပိုပြီးတော့ သွက်လက်မြန်ဆန်အောင် လုပ်တဲ့သဘောမျိုးပါ။
မေး။ ။ ဒီကော်မတီက ဘယ်လောက်အတိုင်းအတာထိ စစ်ဆေးနိုင်မလဲ။
ဖြေ။ ။ စစ်တာမဟုတ်ဘူး။ အဲတာကို လူတွေကမသိလို့ အခုက ယာယီဆောင်ရွက်ချက်တွေကို ဟိုကတောင်းတယ်။ အဲတာတွေကို မြန်မာအစိုးရအနေနဲ့ ဘယ်လောက်ထိ သူတို့လိုက်လျှောလည်း ဘယ်လောက်ကြပ်မတ်လည်း ဘယ်လောက်ထိ သူတို့အနေနဲ့ ဆောင်ရွက်လည်းဆိုတာကို ကြပ်မတ်တာပဲ စီရင်တာတို့ ဆုံးဖြတ်တာတို့ မပါပါဘူး။
အဲဒါတော့ ဘယ်ရမလဲ အဲတာတော့ ၁၅ယောက်လုပ်ရမှာပေါ့။ အခုဟာက ICJ အနေနဲ့ သိတယ်။ ဒါကြာမယ်ဆိုတာသိတယ်။ အဲတော့ ဒါတွေကို ၃လတစ်ခါ၊ ၆လတစ်ခါ၊ ၁နှစ်တစ်ခါ ဘယ်လောက်ထိ ခရီးရောက်လည်းဆိုတာကို သူတို့ စမ်းစစ်ရတာပဲ အလုပ်ဖြစ်အောင်ပေါ့။ အဲတာလည်း လူထုသိအောင်လို့ ချပြပါ။
ဘာလို့ဆိုတော့ အမျိုးမျိုးထင်နေကြတယ်။ ၃ယောက်တည်းနဲ့ ဖွဲ့လိုက်ပြီ လာတော့မယ်။ ဆော်တော့မယ်လို့ ထင်နေကြတာ မဟုတ်ဘူး။ ဒါအဆင့်ဆင့်သွားမှာလေ ရုံးအလုပ်တို့ဘာတို့ဆိုတာ လုပ်ဖူးတာပဲ ၁၅ယောက်အဖွဲ့ရှိတယ်။ အပြည့်ရှိတယ်။
ဒါပေမယ့် အဲ ၁၅ယောက် စုစည်းမယ့်အစား ကြားဖြတ် ၃ယောက် စစ်ဆေးတယ်ဆိုရင် ပိုတော့မြန်ဆန်တယ်လေ ဒါပေမယ့် ပြောရတာတော့ နောက်ဆုံးရလဒ်က ဒါပါပဲ။ အားလုံးလည်း လက်ခံထားပြီးပြီပဲ မြန်ဆန်အောင်လို့လုပ်ပေးတာ။
မေး။ ။ ICJ ကမြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်အမိန့်တွေနဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်နေတဲ့ အပိုင်းတွေကော ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ သူတို့က လူထုကိုချမပြဘူး။ ၂ခါရှိပြီတင်တာ ဟိုဘက်က ဂမ်ဘီယာကစပြီးတော့ တောင်းထားတာပေါ့။ နောက်ပိုင်းတော့ ကနေဒါဝင်လာတယ်။ နယ်သာလန်ဝင်လာတယ်ပေါ့။ ဘမ်ဘီယာတောင်းထားတာတွေက အများကြီးပဲလေ အဲတာတွေကို ဘယ်လောက် လိုက်လျောလည်း မလိုက်လျောလည်းဆိုတာကို ဒီဖက်ကတော့ တင်ရတယ်။ သူတို့တင်တယ်။
အချိန်မှီတင်ကိုတင်ရတယ်။ ဒါပေမယ့် ဘယ်သူမှမသိဘူး။ ပြောရခက်တာပေါ့။ သူ့အနေနဲ့ ဘယ်လောက်ထိ လိုက်လျှောမှုရှိလဲ။ ဒါမှမဟုတ်လည်း ဗန်းစကားနဲ့ပြောမယ်ဆိုရင် ရွှီးနေတာလား။ ဒါဘယ်သူမှပြောလို့မရဘူးလေ။ အင်မတန်ကို ဒီဟာက ဝေခွဲရခက်ပါတယ်။ အမှန်အတိုင်းချပြမယ်ဆိုရင်တော့ အထောက်တော့ခံရမှာပေါ့လေ ဒါပေမယ့် တော်သေးတာပေါ့။
ဘယ်ဟာတွေမှာ သူတို့လုပ်နေလည်း ဘယ်ဟာတွေမှာ ဟာနေသလည်းဆိုတာကို လူထုအနေနဲ့ သိလို့ရတယ်။ အခုဟာက အဲလိုအသိမပေးဘူး။ အဲဒီမှာတည်းကိုက ကိုယ့်ကလေ သဘောထားက မရိုးသားဘူးလို့ထင်တယ်။ အရမ်းမသင်္ကာစရာအကြောင်းတွေ အများကြီးပဲ ပြောရတာကလေ။
မေး။ ။ ICJ ရဲ့ကြားဖြတ်အမိန့် ချမှတ်အပေါ် မြန်မာနိုင်ငံဖက်က လုပ်ဆောင်နေတဲ့အပိုင်းတွေကို ဘယ်လို စိစစ်နိုင်မလဲ။
ဖြေ။ ။ အဲဒါဆိုရင်တော့ ဂမ်ဘီယာက တောင်းဆိုတာတွေကတော့ အကုန်သိပါတယ်။ သူကပြည့်ပြည့်စုံစုံပြောပြထားတာပဲ ဒါပေမယ့် ဒါတွေကိုဆောင်ရွက်တဲ့အခါမှာ ဘယ်လိုဖြစ်လည်းဆိုရင်တော့ အခုအချိန်မှာဆိုရင် ကြည့်ရတာပေါ့။ တပ်အပိုင်းနဲ့ NLD အစိုးရအပိုင်းနဲ့ နှစ်ခုခွဲပြီးတော့ မြင်ရမယ်။ သူတို့လည်း AA နဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းတုန်းကဆိုရင် NLD မပါဘူး။ ကြောက်စရာကြီးနော် ဒီမိုကရေစီအရပ်သား အစိုးရမပါဘူး။
တပ်ကနေပြီးလုပ်နေတာ ကိုယ့်အပြစ်မဆိုပါဘူး။ တပ်က ကိုယ့်မညှိနှိုင်းဘူးဆိုရင် NLD အစိုးရဘာလုပ်နေတာလည်း ကိုယ်ကဦးဆောင်ရမယ်လေ ဒီကိစ္စမှာ သူကတော့ အကြီးအကျယ် ခေါင်းဆောင်ကြီးကတော့ The Hague မြို့ကိုသွားပြီးတော့ သူက သူကအဲဒီမှာခုခံနေတာပဲ လူတွေက လက်ခုပ်လက်ဝါးတီးလိုက်တာ အဲဒီမှာဆိုရင် အခုရွေးကောက်ပွဲလည်းနိုင်ပြီ အပြတ်အသတ်လည်းနိုင်ပြီဆိုတော့ သူက ထပ်ပြီးတော့ ရင်ဆိုင်ရဦးမယ်။ သူကကော ဘာလုပ်မလဲ။ တပ်ကကော ဘာလုပ်မလဲ။
တပ်ရဲ့ခြေလှမ်းကိုသေချာကြည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုပ်နေပြီ အဲတော့ အခုထိ ကိုယ်လည်း အတတ်ပြောလို့မရဘူး။ ခက်တာက မြန်မာပြည်မှာ မျက်စိမှိတ်ပြီးတော့ အမှောင်ထဲမှာ ဗေဒင်ဟောရသလိုပဲ ဒါပေမယ့်တပ်က AAနဲ့ တွေ့နေပြီ မူဆလင် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို စကားလုံးကို စသုံးတယ်။ ဆိုတော့ တပ်ကဘယ်လိုသွားမလဲ။ NLD အစိုးရကဘယ်လိုသွားမလဲ။ အရပ်ဘက်လို့မပြောဘူးနော် NLD အစိုးရလို့ပဲ ကိုယ်ပြောမယ်။ အခုတော့ အဲလမ်းနှစ်သွယ်က နည်းနည်းလေးပေါ်လာပြီ အဲတာနည်းနည်းလေး စောင့်ကြည့်ရမှာပဲ ။
ခုနကမေးခွန်းကို ပြန်ဆက်ရရင် ဂမ်ဘီယာ အနေနဲ့လည်း ပြောမယ်ဆို သားရွှေအိုးထမ်းတဲ့ အပေါက်မျိုးပေါ့။ သူကတောင်းတာပဲ ဒီကလိုက်လျှောဖို့ဆိုတာက အရှင်းဆုံးပြောမယ်ဆိုရင် လက်တွေ့တော့ သိပ်မဆန်သေးဘူးပေါ့။ ဒါပေမယ့် ဘယ်လောက်ထိ လုပ်လဲ။ အခုစောင့်ကြည့်ရမယ်လေ တပ်ကနည်းနည်းပါးပါးတွေ့ရပြီ ကိုယ်တပ်ကို လိုက်ပြောတာမဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားအနေနဲ့ ၁၁နှစ်နေခဲ့ရတယ်။ ထောက်လှမ်းရေးကြောင့်မို့။
ဒါပေမယ့် အခုချိန်မှာ မြန်မာပြည်အတွက် လက်တွေ့ကျတဲ့လမ်းဟာ ဘယ်လမ်းလဲ ဆိုတာကြည့်ရမယ်။ NLD ကဘာလုပ်လည်း ပြန်မေးကြည့်ပါ။ ခေါင်းဆောင်တွေ အနေနဲ့ကော ဝန်ကြီးတွေအနေနဲ့ကော ရခိုင်ပြည်နယ် အစိုးရအနေနဲ့ကော ဘာလုပ်လဲ။ အဲတာစောင့်ကြည့်ပါ။ အခုက ရွေးကောက်ပွဲပြီးခါစ အချိန်လည်းဖြစ်တယ်။
အစိုးရသစ်ဖွဲ့ဖို့ဆိုတာကလည်း ကြားမှာ ၃လလောက်ကျန်သေးတယ်။ အရေးကြီးတဲ့အချိန်မှာ မြန်မာပြည်က သက်ရောက်နေပြီဆိုတော့ အစိုးရအသစ်ကို ဘယ်လိုပုံစံနဲ့ ဖွဲ့မလဲ။ တပ်ကကော ဘယ်လိုသဘောထားရှိမလဲ။ ဒီဟာတွေက အကုန်လုံး ရခိုင်ပြည်နယ်အရေးကို ဘယ်လောက်ထိ အထောက်အကူပြုနိုင်မလည်း ဆိုတာကို မကြာခင်စောင့်ကြည့်ပြီးတော့ သိရတော့မှာပဲ။
မေး။ ။ အစိုးရအနေနဲ့ ICJ ကို သူတို့လုပ်ဆောင်ချက်တွေ တင်ပြနေပေမယ့် ပြည်သူတွေကိုပွင့်လင်းမြင်သာစွာ ချမပြတာက ဘာကြောင့် ဖြစ်နိုင်လဲ။
ဖြေ။ ။ ဒီဟာကတော့ အမြဲတမ်း ဒီလိုကိစ္စမျိုးမှာ လျှို့ဝှက်တာပေါ့လေ အခုမှရယ်တော့မဟုတ်ပါဘူး။ ဒါလည်း စမ်းတော့မစမ်းပါဘူးလေ။ သူတို့လည်း ငွေကြေးမြောက်မြားစွာ အကုန်ခံပြီးတော့ နိုင်ငံတကာရှေ့နေကြီးတွေကို ငှားထားတာပဲ အဲလူတွေကို သူတို့အားကိုးရမှာပဲ ဒီလူတွေက ဘယ်လိုထွက်မယ်ဆိုတာ ကိုယ်ကြည့်ရမှာပေါ့လေ ကိုယ်ထင်တာကတော့ သူတို့က အရင် ၂ဝ၁၉က စပွဲဦးထွက် ရင်ဆိုင်တဲ့အခါလိုပဲ ဒီဟာက လူမျိုးတုန်း သတ်ဖြတ်မှု အထမမြောက်ပါဘူးလို့ ငြင်းလိမ့်မယ်။
ဒီတိုင်းပြောမှာပဲ အခုဂမ်ဘီယာက အထောက်အထားတွေ အများကြီး စုထားပြီးပြီ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်မြောက်ပါတယ်လို့ ပြောမယ်။ အဲနှစ်ခုနဲ့ သူတို့အသွားအလာ လာလိမ့်မယ်။ ပြောမယ်ဆိုရင် အခုလာမယ့် ရုံးချိန်းမှာတော့ မပြတ်သေးပါဘူး။ ကြာမယ်ဆိုတာသိတယ်လေ အဲတာကြောင့်လည်း ICJ ကခုနလို ယာယီခုံရုံးဖွဲ့ရတာပဲ။ ကြာမယ်ဆိုတာသိတယ်။
သူတို့အနေနဲ့ ဒီတိုင်းပဲ ၂ဝ၁၉ခုနှစ်ကလိုပဲ Genocide လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်မြောက်ပါဘူးဆိုပြီးတော့ အခိုင်အလုံ သူတို့တည်ဆောက်လိမ့်မယ်။ ခက်တာက ရိုဟင်ဂျာ ဒုက္ခသည် ဘယ်နှရောက် ပြန်လာပြီလဲ။ ဒီလိုဆိုရင် ဘင်္ဂလားဒေ့ရှ် ကတောင်စိတ်ကုန်လို့ အကုန်လုံးကို ဟို ဘာရှန်ချား ဆိုတဲ့ကျွန်းကြီးကို ပို့လိုက်ရပြီ အိမ်တွေဘာတွေ ဆောက်ပြီးတော့ပေါ့။ ဒီဟာက Genocide ဆိုတာက လူတွေကို တန်းစီပြီးတော့ အင်းဒင်ရွာမှာလို သတ်တာမျိုးမဟုတ်ဘူး။
သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး အကုန်လုံးဖျက်ဆီးခံလိုက်ရရင် Genocide ပဲ သတ်မှတင်မဟုတ်ဘူး။ Genocide ကအများကြီး အကျုံးဝင်တယ်လေ သူတို့ မီလီယံနဲ့ချီပြီးတော့ ဒေါ်လာ မီလီယံနဲ့ချီပြီးတော့ အကုန်ခံ ငှားထားတဲ့ ရှေ့နေတွေက ဘယ်လောက်ထိ ပီပီပြင်ပြင် သူတို့အနေနဲ့ လျှောက်လှဲနိုင်မလဲ။ အဲဒါက အချက်အခြာပဲ။
ဒီအစိုးရကိုအားမကိုးနဲ့ နေပြည်တော်မှာရှိတဲ့ လူတစ်ယောက်က အဲဒါမချေပနိုင်ဘူး။ အဲဒါအရှင်းဆုံးပြောတာပဲ ကိုယ်လည်း ဗမာနိုင်ငံသားတစ်ယောက်ပါပဲ။ အဲဒီရှေ့နေကြီးတွေက သူတို့အခကြေးငွေယူပြီးတော့ သူတို့အနေနဲ့ ချေပမယ်။ ဒါသူတို့အလုပ်ကို ရှေ့နေဆိုတော့ အဲဒီပေါ်မှာ မူတည်မှာပဲ ဒါကနည်းနည်းလေးတော့ အချိန်တော့ စောင့်ရဦးမယ်။
ကိုယ်က ရုပ်လုံးတော့ ပေါ်ပါတယ်။ ဘာမှထွေထွေထူးထူးမရှိဘူး။ ဒါပေမယ့် ခုနပြောသလိုပဲ တပ်က တမူထူးခြားလာတယ်။ အဲတာလေး စောင့်ကြည့်ရမယ်။ ဘယ်လောက်ထိ ဒါကျယ်ပြန့်လာမယ်ဆိုတာကိုပေါ့။
https://www.facebook.com/khitthitnews/posts/1093239214446757?__cft__[0]=AZXGIdlWtUM7LtI0SGaukLcZ57GE3S9v50Sn21uT20IfP3Y3PwchVMQgJ3jljVUgHwvqRs4J9ctkf6eahGlFrpQP-d1QFodJ_DVtnTUZKeVBBPBShg5WUdeNvX-8hlRd9F4qw8McBcswEWdxlbveRiHN&__tn__=%2CO%2CP-R
No comments:
Post a Comment