Tuesday, December 22, 2020

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး စတင်ဆောင်ရွက်

 မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIO ကြား စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်ကနေ တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေ နေရပ်ပြန်ဖို့ ပြန်လည်နေရာချထားရေးလုပ်ငန်းစတင်နေတဲ့အကြောင်း တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ လျော့ပါးလာတာကြောင့် စစ်ရှောင်ရွာသားတွေ နေရပ်ပြန်ရေး ပထမဦးစားပေးအနေနဲ့ ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာမှာ ပြန်လည်နေရာချထားရေးလုပ်ငန်း စတင်နေပြီးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန် ဆန်ဆွမ်က အခုလိုပြောပါတယ်။

“တဘက်ယန်ကျေးရွာကိုတော့ တပ်မတော်ဘက်က ကျေးရွာကို လွှဲအပ်တဲ့ ကိစ္စတော့ပြီးသွားပြီ။ ဆိုတော့ ကျနော်တို့ ဆက်လက်ပြီး အဆောက်အဦးတွေ တန်ဖိုးနဲ့ အိမ်ယာတွေ ဆက်လက်တည်ဆောက်ဖို့ပဲ ရှိပါတော့တယ်။ ဆက်လက်လည်း လုပ်ဆောင်စပြုနေပါပြီ။ ကျနော်တို့ KBC ကတော့ ၂၀၀ ကျော်မယ်ထင်တယ်။ နောက်ပြီးတော့အစိုးရရဲ့ စီမံမှုမှာတော့ ၃၀ နီးပါးပါတယ်။ အားလုံးပေါင်းရင်တော့ ၂၆၀ ပတ်ဝန်းကျင်လောက်ရှိမယ်။ ကျနော်တို့ KBC ကလုပ်မဲ့စီမံကိန်း အဲဒါရှိပါတယ်။”

နေရပ်စွန့်ခွာသူတွေကို ပြန်လည်နေရာချထားဖို့ လျာထားတဲ့အထဲ အတည်ပြုရွေးချယ်ကျေးရွာ ၁၇ ရွာထဲက တဘက် ယန်ကျေးရွာမှာ တည်ဆောက်ရေးလုပ်ငန်း စတင်နေပြီးလို့ဆိုပါတယ်။

ဒီကျေးရွာအတွင်း အိမ်ယာတည်ဆောက်ရေးအတွက် အစိုးရ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း တရုတ်အစိုးရနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) တို့ကနေ အကူညီပေးဆောင်နေတယ်လို့ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC အတွင်းရေးမှူး (၃) ဦးခါးလီကပြောပါတယ်။

ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာအတွင်း ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ တပ်မတော်ကနေ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တာပါ။

မိုင်းရှင်းလင်းရေးကို မြောက်ပိုင်းစစ်ဌာနချုပ်ကနေ လုပ်ဆောင်ပေးတယ်လို့ တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ ဒီဒဘတ်ယာန်ကျေးရွာမှာ မိုင်းရှင်းဖို့ စေလွှတ်လိုက်လို့ ကျနော်တို့ ရောက်လာပါ တယ်။ စာသင်ကျောင်းတို့၊ ဘုရားကျောင်းတို့၊ ဆေးခန်းတို့၊ ဆေးရုံတို့၊ အုပ်ချုပ်မှု အဆောက်အဦးတို့ အဲဒါတွေကို ကျနော်တို့ ဦးစားပေး အရင်ရှင်းတယ်။ ရှင်းပြီးသွားရင် ဒါ ဒေသခံပြည်သူတွေနေတဲ့ နေအိမ်တွေ နေအိမ်မရှိတော့ရင်လည်း ခြံဝန်းတွေကို ကျနော်တို့ ဆက်လက်ရှင်းပေးတယ်။”

တဘက်ယန်ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခုနဲ့ ကျေးရွာအဝင်/အထွက်လမ်းတွေကို မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ပြီး မိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် တိုက်မိုင်းကိုယ်ထည် ၁၀ လုံးကို ဖော်ထုတ်ရှင်းလင်းသိမ်းဆည်းနိုင်ခဲ့ကြောင်း မနေ့ကရက်စွဲနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIO ကြားစစ်ရေးပဋိပက္ခအတွင်း ေးသတွင်းမှာမြေမြှုပ်မိုင်း အသုံးပြုမှုတွေ ရှိနေတာကြောင့် ဒေသခံတွေနေရပ်ပြန်ရေးလုံခြုံမှု စိုးရိမ်မှုတွေရှိနေတာပါ။

မြေမြုပ်မိုင်း ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ အခုအချိန်ထိ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြေမြုူပ်မိုင်း အသုံးပြုတာတွေ ရှိနေသေးတယ်လို့ ဒေသခံတွေရဲ့ စစ်တမ်းတွေမှာ ဖော်ပြကြပေမဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မြေမြုပ်မိုင်းရှင်းလင်းရေး ပါဝင်ကြောင်း တုံ့ပြန်ထားပါတယ်။မြစ်ကြီးနား ဝိုင်းမော်စစ်ရှောင်စခန်းအသီးသီးမှာရှိတဲ့ ဒီစစ်ရှောင်တွေအတွက် လာမဲ့မတ်လမှာ နေရပ်ပြန်နိုင်မှာဖြစ်ပြီး ရေရှည်လုပ်ကိုင်စားသောက်ရေးအတွက် စီစဉ်ထားတယ်လို့ ဒေါက်တာခလန်ဆန်ဆွမ်က အခုလိုပြောပါတယ်။

“ပြီးစီးတာနဲ့ ကျနော်တို့ ပြန်ဖို့ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်။ ကျနော်တို့ ခန့်မှန်းခြေကတော့ မတ်လကုန်ခါနီးလောက်မှာတော့ အားလုံးပြန်နိုင်မယ်လို့တော့ ထင်တာပဲ။ အဲဒီလိုပဲ ကြိုးစားနေတာပဲ အခုက။ လူဦးရေကတော့ ၁,၅၀၀ ကျော်လောက်တော့ ရှိမယ် အားလုံးစုစုပေါင်း။ သူတို့ အသက်မွေးဝမ်းကြောင်းဆိုတာကတော့ သူတို့ကိုယ်ပိုင်ရှိတဲ့ လယ်တွေကတော့ ပြန်လုပ်လို့ ရအောင်လို့တော့ လုပ်ရမယ်ပြီးရင် ကျန်တဲ့ အသက်မွေးဝမ်းကြောင်းကိစ္စတွေရော နောက် ကျနော်တို့ UN အဖွဲ့အစည်းကလည်း သူတို့ပြန်တာနဲ့ အနည်းဆုံး ၆ လကတော့ ဆက်လက်ပံ့ပိုးဖို့တော့ရှိမယ်။”

ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မြစ်ကြီးနားမြို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။

နေရပ်ပြန်စစ်ရှောင်တွေ လုံခြုံရေးကတော့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မူတည်နေတယ်လို့ ဒေါက်တာခလန်ဆန်ဆွမ်ကဆိုပါတယ်။

ကချင်ပြည်နယ်မှာ၂၀၁၁ ခုနှစ်မှ စတင်ပြီး မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက ပြည်သူတွေ နီးစပ်ရာ ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်လာပြီး စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေရတာပါ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ရှောင်တိမ်းနေရသူ ၂၄၁,၀၀၀ ရှိပြီး စက်တင်ဘာလအထိ စာရင်းတွေအရ ကချင်ပြည်နယ်မှ ၉၅,၀၀၀ ကျော် ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

https://burmese.voanews.com/a/kachin-idp/5708700.html

No comments:

Post a Comment