Tuesday, December 22, 2020

၆)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ခဲ့သူအား အမှု ၃ မှုနဲ့ SSPP တပ်ဖွဲ့က သေဒဏ်ချမှတ်၊ တရားခံအား မစီရင်သေ

 ၆)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ခဲ့သူအား အမှု ၃ မှုနဲ့ SSPP တပ်ဖွဲ့က သေဒဏ်ချမှတ်၊ တရားခံအား မစီရင်သေး

https://www.shwepheemyay.com/node/164

လွေးပိုးဆငယ်၊ ရွှေဖီမြေ

ဒီဇင်ဘာ ၂၃ ရက်၊ သီပေါ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုထဲက အသက် (၆)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့သူကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အမှု ၃ မှုနဲ့ သေဒဏ် ချမှတ်လိုက်ပြီး တရားခံကိုတော့ မစီရင်သေးဘူးလို့ သိရပါတယ်။

ကလေးငယ်ကို ဒီဇင်ဘာလ ၉ ရက်က အိုက်စော့(၃ဝ နှစ်)ဆိုသူက အဓမ္မပြုကျင့် သတ်ခဲ့ပြီး မြောင်းတစ်ခုမှာ မြေမြှုပ်သတ်လိုက်တာကြောင့် အမှု ၃ မှုနဲ့ မနေ့ ဒီဇင်ဘာလ ၂၂ ရက်မှာ သေဒဏ် ချမှတ်လိုက်တာဖြစ်တယ်လို့ SSPP တပ်ဖွဲ့ရဲ့ ဗဟိုတရားရုံး ဥပဒေအရာရှိ စိုင်းအူဟိန်းက ပြောပါတယ်။

“တရားခံကိုတော့ ဗဟိုတရားရုံးဌာနမှာ ၂ ကြိမ် စစ်ဆေးတယ်။ အဆင့်ဆင့်စစ်ဆေးပြီးမှ ဗဟိုတရားရုံးကိုရောက်လာတော့ တရားရုံးကော်မတီ၊ တရားလို၊ တရားခံတွေလည်း တရားရုံးကို လာရတယ်ဗျ။ ပြည်သူတွေကိုလည်း နားထောင်ဖို့ပေးတယ်။ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အဲဒီလိုမျိုး သေဒဏ်ပေးလိုက်တယ်ဗျ”

“အမိန့်တော့ ချပြီးသွားပြီ။ စီရင်တာတော့ မစီရင်ရသေးဘူး။ ဒီနေ့တော့ စီရင်ဖို့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီအပိုင်းတော့ အကျဉ်းဦးစီးဌာနက ဆက်လက် လုပ်ဆောင်သွားမှာပေါ့နော်။ တစ်ကယ်လို့ သူတို့စီရင်ပြီးရင် ကျွန်တော်တို့ဆီကို ပြန်ပြီးအကြောင်းကြားမှာပါ”

အိုက်စော့ ကျူးလွန်တဲ့ အမှုပေါင်း ၃ မှုကတော့ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မပါဘဲ ကလေးကိုခေါ်သွားတဲ့ လူခိုးမှု၊ ကလေးငယ်ကို ဒဏ်ရာပြင်းထန်စွာရစေပြီး သတ်လိုက်တဲ့ လူသတ်မှုနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ အမှုတွေပဲ ဖြစ်ပါတယ်။

တရားခံ ကျူးလွန်တဲ့အမှုဟာ အမှုကြီးဖြစ်တဲ့အတွက် SSPP တပ်ဖွဲ့ရဲ့ ပေါ်လစီအရ အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာမှုနဲ့ ဗဟိုတရားရုံးမှာ သေဒဏ်ပေးဖို့ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိ မှုခင်းဖြစ်ပွားခဲ့တဲ့ သီပေါမြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုဟာ SSPP တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး ၂ဝ၁၅ ခုနှစ်ကလည်း အခုလိုမျိုး အမှုကို သေဒဏ်ပေးခဲ့ဖူးပါတယ်။

#ကလေးငယ် #အဓမ္မပြုကျင့် #သတ်ခံရ #တရားခံ #သေဒဏ် #အိုက်စော့ #SSPP #သီပေါ

#ဓာတ်ပုံ- Nang Kham Nwe

https://www.facebook.com/451214215694715/posts/865044837644982/


https://www.facebook.com/shwepheemyaynews/posts/865044837644982

No comments:

Post a Comment