စစ်တပ်စခန်းများ ရုပ်သိမ်းရေး ဖာပွန်ဒေသခံ သောင်းချီဆန္ဒထုတ်ဖော် တောင်းဆို
ဒီဇင်ဘာ ၃၀၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူူး
အစိုးရစစ်တပ် လမ်းဝင်ရောက်ဖောက်လုပ်ခြင်းကို အလိုမရှိကြောင်းနှင့် တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေး ရေးအတွက် မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ဒေသခံတစ်သောင်းကျော်သည် ယနေ့ (ဒီဇင်ဘာလ ၃၀ရက်) နံနက်တွင် နေရာ ၃ နေရာခွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
နိုင်ငံရေးဆွေးနွေးမှုများ ရှင်းလင်းပြတ်သားမှုနှင့် အာမခံချက်မရှိသေးဘဲ ဖွံ့ဖြိုးရေး အမည်ခံ လမ်းဝင်ရောက် ဖောက်လုပ်မှုမှာ နယ်မြေစိုးမိုးရေး နှင့် စစ်ရေးပြင်ဆင်မှုအသွင်သာဖြစ်ခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်၍ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူ ကလိုဘောထဒေသခံ စောဘလူဒို့မူး “ကားလမ်းဖောက်တာကိုတော့ ကျနော့် အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သူတို့ (စစ်တပ်)လာဖောက်တယ်ဆိုတာက ကျနော်တို့ ဌာနေ တိုင်းရင်း သားတွေရဲ့ နေရာဒေသမှာ လာဖောက်တာ။ ဒါက ကျနော်တို့ ဒေသရဲ့သဘာဝ ပတ်ဝန်းကျင်တွေလည်း ထိခိုက်သလို ကျနော်တို့ ဒေသခံအတွက်လည်း စိုးရိမ်ကြောက်ကြမှု အမျိုးမျိုးဖြစ်လာစေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတို့၏ နယ်မြေအတွင်း တပ်မတော်၏ စစ်ရေး ဝင်ရောက်လှုပ်ရှားမှု ပိုမိုများပြားလာခြင်းနှင့်အတူ လက် နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ၊ ထောက်လှမ်းရေးယာဉ်ငယ်များဖြင့် စုံစမ်းထောက်လှမ်းမှုများ ကြောင့် ဒေသခံ ကျေးရွာသားများ၏ နေထိုင်လုပ်ကိုင် စားသောက်မှုအပေါ် ထိခိုက်စေပြီး စိုးရိမ်ကြောင့် ကြမှုများဖြင့် နေထိုင်ရသောကြောင့် တပ်မတော်တပ်စခန်းများကို ပြန်လည်ရုပ်သိမ်းပေးရေးကိုပါ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်းဒေသခံများကဆိုသည်။
အလားတူ တပ်မတော်၏ လမ်းဝင်ရောက်ဖောက်လုပ်ခြင်းအပေါ် သက်ဆိုင်ရာ ကရင်အမျိုးသားအစည်းအရုံး-KNU ခေါင်းဆောင်များအနေဖြင့်လည်း ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းပေးရေးနှင့် တပ်စခန်းများ ပြန်လည် ရုပ်သိမ်းပေးရေးအတွက်လည်း ပြည်သူလူထုများနှင့်အတူ ဖိအားပေးရန်ကိုပါ ဒေသခံများက တောင်းဆိုခဲ့ကြသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုကို လူသောမြို့နယ်အတွင်းရှိ ခေးပူ၊ နော်ယိုထ၊ လယ်မူပလော၊ စောမူပလော၊ ကော်လူဒန်း၊ ဖလခို့၊ ယဲမူပလော၊ ဟဲပါ၊ ပေကေ၊ ဘောသေ့ထ၊ ကလောထ နှင့် တေးမူဒဲ စသည့် ကျေးရွာ အုပ်စု (၁၂) စုမှ ဒေသခံကျေးရွာသားများမှ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဖောစေပူ ဒေသခံ အမျိုးသမီး နော်ဘုမူဖော က “ကျမတို့ ခံစားလာရတာက ဟိုးအရင် ကျမတို့ အဖိုးအဖွားတွေ လက်ထက်ကတည်းက အမျိုးမျိုးဒုက္ခခံစားလာရတာ။ ဒါပေမဲ့ ဒါကို တစ်နိုင်ငံလုံး တကမ႓ာလုံးက မသိကြဘူး။ အဲ့အတွက် ကျမတို့ရဲ့ ခံစားရမှုတွေ လိုလားမှုတွေကို တစ်ကမ႓ာလုံးသိဖို့ကို ဆန္ဒဖော်ထုတ်ရတာပဲဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
၎င်းဆန္ဒဖော်ထုတ်မှုကို သုံးနေရာခွဲ၍ ဆန္ဒဖော်ထုတ်ရာတွင် နော်ယိုထ ဒေသဘက်၌ ဒေသခံ (၃,၉၈၁)ဦး၊ ထီးဟောထဒေသတွင် ဒေသခံ (၁,၀၉၇)ဦးနှင့် ဒေပိုနို ဒေသတွင် ဒေသခံ (၅,၇၂၁)ဦး စုစုပေါင်း (၁၀,၇၉၉) ဦး ပါဝင်ခဲ့ကြကြောင်းသိရသည်။
ဖာပွန်ဒေသတွင် တပ်မတော်အပေါ် ဆန့်ကျင်သော ဆန္ဒဖော်ထုတ်မှုများကို ယခုနှစ် ၂၀၂၀ ခုနှစ်အတွင်း လက်ရှိ ဆန္ဒဖော်ထုတ်မှု အပါအဝင် သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အလားတူ ဒီဇင်ဘာလ ၂၃ရက်နေ့က ထုတ်ပြန်သည့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ထုတ်ပြန်ချက်၌လည်း တပ်မတော် တပ်စခန်းများ ရုပ်သိမ်းရေး လူထုလှုပ်ရှားမှုများကို လာမည့် နှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိထားသည်။
http://kicnews.org/2020/12/%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%80%85%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%82%90%e1%80%af%e1%80%95%e1%80%b9%e1%80%9e%e1%80%ad%e1%80%99/
No comments:
Post a Comment