ရှမ်းတပ်နှင့် တအန်း တပ်တို့ ခရစ္စမတ်နေ့တွင် တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့နယ်တွင် ရှမ်းပြည် တပ်မတော် RCSS/SSA နှင့် တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ယနေ့ ဒီဇင်ဘာ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ လွယ်အံကျေးရွာအုပ်စု လွယ်အံကျေးရွာနှင့် ကောင်းခါးကျေးရွာကြားတွင် နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကောင်းခါးဒေသခံတစ်ဦးက ပြော သည်။
“ဒါက ဒီက လွယ်အံကျေးရွာမှာ မဟုတ်ဘူး ကောင်းခါးမှာလေ အဖွဲ့ပြောက်ကျားတွေက များနေတာ အခုမှ ရွာမှာ နောက်ပြန်လှည့်နေတာ အဲဒီရွာမှာလည်း ဖြစ်နေတုန်းအခု။”
ထို့အပြင် လက်နက်ကြီးသံများကိုလည်း ကောင်းခါးကျေးရွာကနေ ကြားနေရသည်ဟု အဆိုပါဒေသခံ က ဆိုသည်။ ကောင်းခါးကျေးရွာမှ လွယ်အံကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားပါက ၁၅ မိနစ်သာ ကြာသည် ဟု သိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေး က လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ကို အတည်ပြုသည်။
“လွယ်အံတောင် ကုန်းခါးရွာဖက်နားပေါ့လေ။ မိုင်းတင်းအနောက်ဖက်ကပေါ့နော။ TNLA တပ်ဖွဲ့ ကနေပြီး တော့ RCSS တပ်ဖွဲ့ရှိတဲ့နေရာကို အလစ်ဝင်တိုက်တယ်။ မနက် ၅ နာရီထိုးဖို့ ၁၀ မိနစ်အလိုလောက်မှာ စ ဖြစ်တယ်။ နေ့လည် ၁၁ နာရီလောက်မှ အသံငြိမ်သွားတယ်” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေး က ပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် အခြေအနေများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မသိရသေး ဟု ဒု-ဗိုလ်မှူး ကြီး စိုင်းအုပ်ခေး က ဆိုသည်။
ပန်မခမ်းကျေးရွာမှ ဒေသခံတစ်ဦးကလည်း လက်နက်ငယ် လက်နက်ကြီးသံများကို ကျေးရွာကနေ ကြား နေရသော်လည်း နှစ်ဖက် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားခြင်းမျိုး မဟုတ်ပဲ တစ်ဖက်သတ် ပစ်ခတ် ခြင်းမျိုးလည်း ဖြစ်နိုင်သည် ဟု ပြောသည်။
“ဒီနေ့မနက် ၆ နာရီမတိုင်ခင် ၅ နာရီ ခွဲကျော် ၆ နာရီလောက်ပေါ့။ သူတို့ ၂ ဦးတွေ့လို့ပဲ အဲလို ၂ ဖက် တွေ့ လို့ပဲ တိုက်တာလား ဒါမှမဟုတ် သူတို့ဟာသူတို့ လမ်းဖွင့်ပြီး တက်လာတာလားတော့ မပြောတတ်ဘူး။ သူ တို့ လက်နက်ကြီးသံတော့ ဆူညံပွက်နေတာပဲ အကုန်လုံး လန့်ပြီး ထွက်ပြေးကုန်ကြတာ။”
ပစ်ခတ်သံများကို နံနက် ၅ နာရီခွဲမှ ၈ နာရီကျော်အထိ တစ်နာရီကျော်ကြာ ကြားရသည်ဟု ဆိုသည်။
လက်ရှိတွင် RCSS တပ်ဖွဲ့ဝင်များမှာ ၎င်းတို့ရွာထဲတွင် ရောက်ရှိနေသည်ဟု အဆိုပါ ပန်မခမ် ကျေးရွာမှ ဒေသခံ က ဆက်ပြောသည်။
“အခု ရွာထဲမှာ ရောက်နေလို့ သူတို့ဟာသူတို့တက်လာတာ RC တွေကလေ အခုလောလောဆယ် ရွာထဲ မှာ ပြည့်နေတယ် အများကြီးပဲ အင်အားတွေက။”
ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ PSLF/TLA ဖက်မှ သဘောထားကို သိရှိနိုင်ရန် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရသကဲ့သို့ ၎င်းတို့အဖွဲ့အစည်း အနေနှင့်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်နိုင်ရန်အတွက် RCSS/SSA အနေဖြင့် PSLF/TNLA နှင့် တွေ့ ဆုံဆွေးနွေးရန် လမ်းဖွင့်ထားသကဲ့သို့ PSLF/TNLA ကလည်း တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုထားကြသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုများမှာ ဖြစ်ပေါ် လာခြင်း မရှိသေးပေ။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပေါ် ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးက “ဒီလို နေ့ထူးနေ့မြတ် တကမ္ဘာလုံးကနေ မင်္ဂလာယူနေတဲ့ နေ့မျိုးမှာ မဖြစ်သင့်တဲ့ တိုက်ပွဲကြီးပေါ့လေ အဲဒီခါ ကျ တော့ အဲလိုမျိုးဆိုတော့ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ TNLA ကနေပြီး တော့ စပြီးတော့ လာလာ တိုက်နေရင်တော့ မလွဲသာ မရှောင်သာ ပြန်ခုခံရတယ်။ အဲလိုမျိုး ပြီးတော့ TNLA က တော့ သူတို့ အဆင်ပြေရင် ပြေသလို အားရင်အားသလို RCSS တပ်ဖွဲ့ရှိတဲ့နေရာ သူတို့ သတင်းရတိုင်း အလစ်ဝင်တိုက်တယ် အဲလိုမျိုးဖြစ်နေတော့ တိုက်ပွဲက ဆက်ဖြစ်မလား ငြိမ်သွားမလား ဆိုတာကတော့ TNLA ဖက်ပဲ မူတည်တယ်နော်” ဟု ပြောသည်။
PSLF/TNLA ကလည်း RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည် နယ် မြောက်ပိုင်းသို့ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် RCSS/SSA က ၎င်းတို့ တည်ရှိရာ တောင်ပိုင်းသို့ပြန်သွားမည်ဆိုပါက တိုက်ပွဲမှာလည်း ရပ်တန့်သွားမည်ဟု PSLF/TNLA က ပြောဆို ထားသည်။
ယခုလအစောပိုင်း ဒီဇင်ဘလာ ၅ ရက်က RCSS နှင့် SSPP တို့ ရှမ်းပြည် နယ် မြောက်ပိုင်းရှိ သီပေါမြို့နယ် လွယ်လမ်ကျေးရွာ အနားတွင် တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သသို့ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း RCSS နှင့် SSPP ၊ TNLA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်တို့ နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း နမ္မတူမြို့နယ် နားကဲကျေးရွာအနီးတွင်လည်း မြောက်ပိုင်း မဟာ မိတ် အဖွဲ့ဝင်များနှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ တပ်မတော်နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို တိုက်ပွဲများကြောင့် ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေး နေသူများက ဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA သည် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း ကိုးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှာ အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
သို့သော် PSLF/TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ULA/AA၊ KIO/KIA၊ MNTJP/MNDAA (ကိုးကန့်) တို့ ၄ ဖွဲ့မှာ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် အတွက် အစိုးရ၊ တပ်မတော်နှင့် ညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့အစည်းများဖြစ်သည်။
http://www.nmg-news.com/2020/12/25/12617
No comments:
Post a Comment