Sunday, December 20, 2020

ရှမ်းမြောက်ဒေသ တိုင်းရင်းသား လက်နက်ကိုင်များကြား ပွတ်တိုက်မှုများကို စားပွဲဝိုင်းထိုင်ဖြေရှင်းရန် သဘောတူ

 ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းကြားပွတ်တိုက်မှုများကို စားပွဲဝိုင်း၌သာ ညှိနှိုင်းဖြေရှင်းရန် သဘောတူခဲ့ကြသည်။

ရှမ်းမြောက်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြား တိုက်ပွဲများဖြစ်ပွားလာပြီးနောက်ရှမ်းနိုင်ငံရေးကို ဦးဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသော ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အွန်လိုင်းမှ တစ်ဆင့်ကျင်းပခဲ့သည်။

''ပွတ်တိုက်မှုတွေ ရှိပေမယ့်လည်း ဟိုဘက်ဒီဘက် ကိုယ်စားလှယ်တွေရှိပါတယ်။ ကိုယ်စားလှယ်တွေကလည်း အတက်နိုင် ဆုံးစေ့စပ်ညှိနှိုင်းနေပါတယ်။အောက်ခြေမှာ ပွတ်တိုက်မိတာရှိနိုင်တယ်။ အဲဒါကို စစ်ရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ ကိုယ့်အချင်းချင်းတင်မက အခြားအဖွဲ့အစည်းတွေနဲ့ဖြစ်တယ်ဆိုရင်လည်း စားပွဲဝိုင်းပေါ်မှာ ဘယ်လိုဖြေရှင်းကြမလဲပေါ့''ဟု CSSU ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွှန့်က ပြောသည်။

ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ( SSPP)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ ယခုအစည်းအဝေးကို ကိုယ်စားလှယ် ၆၅ ဦးအထိ တက်ရောက်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လအတွင်း ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ(စတုတ္ထ)အစည်းအဝေးဆိုင်ရာကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တို့တွင် ဆက်စပ်ရွေးကောက်ပွဲကျင်းပရန်ကိစ္စရပ်များ၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းများနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသော ထိုးစစ်ဆင်မှုများ၊ တိုက်ပွဲများနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများကြောင့်ဖြစ်ပေါ်လာသောပဋိပက္ခများ၊ ရှမ်းပြည်နယ်အတွင်း ဒေသခံပြည်သူအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ မလုံခြုံမှုများကိုလည်း ဆွေးနွေးခဲ့ပြီး CSSU အနေဖြင့်ကူညီဖြေရှင်းနိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

''ကျွန်တော်တို့ရည်မှန်းချက်က ရှမ်းအင်အားစုအချင်းချင်းကြားညီညွတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ဒုတိယတစ်ဆင့်က ရှမ်းပြည်မှာရှိတဲ့အင်အား စုပေါင်းစုံအတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နောက်ဆုံးအဆင့်ကတော့ ပြည်ထောင်စုအဆင့် ပေါ့ဗျာ။ ဒါတွေကို ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု စိုင်းကျော်ညွန့်က ပြောသည်။

CSSU တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ဆင်ကျော့ ပြည်သူ့စစ် တို့အပါအဝင် ထိုင်းနိုင်ငံ အခြေစိုက်အရပ်ဘက် လူ့အဖွဲ့အစည်းအချို့လည်းပါဝင်သည်။

https://myanmar.mmtimes.com/news/148578.html

No comments:

Post a Comment