Sunday, December 20, 2020

ရှမ်းနိုင်ငံရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများ ဆွေးနွေး

 ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် သက်ဆိုင်ရာနိုင်ငံရေး အဖွဲ့အစည်းများ အားလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ထံမှ သိရသည်။


"အဓိကကတော့ လူကြီးတွေလည်း မတွေ့ကြတာကြာပြီ၊ နောက်ပြီးတော့ နိုင်ငံရေးအခင်းအကျင်းတွေရော၊ ငြိမ်းချမ်းရေးကိစ္စတွေက အပြောင်းအလဲတွေ အများကြီးဖြစ်လာနိုင်တယ်ဆိုတော့ ဒီအပေါ် တွေ့ဆုံဆွေးနွေးတဲ့ သဘောပါ။ ကြီးကြီးမားမားဆုံးဖြတ်ချက်ချထားတာတော့ မရှိပါဘူး။ အဓိက ကတော့ ရှမ်းအမျိုးသားအင်အားစုတွေကြား ညီညွတ်ရေးပေါ့။ နောက်ပြီးတော့ ရှမ်းပြည်မှာ ရှိတဲ့အင်အားစုတွေကြား ညီညွတ်ရေး၊ ပြည်ထောင်စု တိုင်းရင်းသားအားလုံးတွေကြား ညီညွတ်ရေး အဲဒီဟာကို အတတ်နိုင်ဆုံး ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ ကိစ္စဆွေးနွေးကြတာရှိပါတယ်" ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က ရှင်းပြသည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီတွင် ပြည်နယ်အခြေစိုက် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ ပါဝင်နေသည်။

ရှမ်းပြည်နယ်အတွင်း လက်ရှိဆက်လက်ဖြစ်ပွားနေသော ထိုးစစ်ဆင်မှုများ၊ တိုက်ပွဲများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ ရှမ်းပြည်အတွင်းရှိ ဒေသခံပြည်သူများအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ မလုံခြုံမှုများနှင့် ပတ်သက်သည်များကို ဆွေးနွေးခဲ့ပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အနေဖြင့် ပြည်သူတို့ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ဝိုင်းဆွေးနွေးခဲ့ကြသည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

"အဖွဲ့အစည်းအားလုံး စုထားပေါင်းထားတယ်ဆိုတော့ စုပေါင်းအင်အားဖြစ်တာပေါ့။ လုပ်မယ်ဆိုရင် စုပေါင်းခေါင်းဆောင်ပြီးတော့ လုပ်မယ်။ အကောင်အထည်ဖော်တဲ့အချိန်မှာလည်း စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖော်မယ် ဆိုတဲ့ဟာပေါ့။ အခုအစည်းအဝေးမှာလည်း ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ ဗိုလ်ချုပ်ဆေထန်းတို့လို တိုင်းရင်းသားလက်နက်ကိုင်ဘက်က ခေါင်းဆောင်ကြီးတွေရော၊ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် တွေရော တက်တယ်ဆိုတော့ ရှမ်းခေါင်းဆောင်တွေရဲ့ စဉ်းစားချက်မျှော်လင့်ချက်တွေထားတဲ့အပေါ်မှာ အမြင်သဘောထားတွေကိုပဲ အဓိကဆွေးနွေးဖြစ်ကြတယ်" ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။

ရှေ့ဆက် ဆောင်ရွက်ရမည့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ခြင်းမှ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လက ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (စတုတ္ထအစည်းအဝေး)ဆိုင်ရာ ကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မိုင်ကိုင်မြို့နယ်တို့တွင် ဆက်စပ်ရွေးကောက်ပွဲကျင်းပရန် ကိစ္စရပ်များ၊ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် BRI-CMEC စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ခဲ့ကြောင်း ရှမ်းပြည် ညီညွတ်ရေးကော်မတီထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ၏ တိုင်းရင်းသား နိုင်ငံရေးပါတီအပေါ် သဘောထားထုတ်ပြန်ချက်၊ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းရှိ၊ မရှိ မေးမြန်းရာ "အဲဒီအပိုင်းတော့ မဆွေးနွေးဖြစ်သေးဘူး။ အဲဒီအပိုင်းက အားလုံးနဲ့လည်း တိုက်ရိုက်မသက်ဆိုင်ဖြစ်သေးတော့။ ပါတီတွေနဲ့ပဲသက်ဆိုင်နေတာကိုး၊ ကျွန်တော်တို့ SCCU ဘက်မှာတော့ ပါတီတွေလည်းရှိတယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေလည်း ရှိတယ်ဆိုတော့ အားလုံးလွှမ်းခြုံပြီးတော့ ဆွေးနွေးရတာပေါ့။ ကဏ္ဍတစ်ခုချင်း အသေးစိတ်ကိုတော့ ဆွေးနွေးဖြစ်တာ တော့ မရှိဘူး။ နောက်ပြီးတော့ အဲဒီကိစ္စမှာက ရေရေရာရာနဲ့ ဘာလုပ်မယ်မှန်းလည်း မသိသေးလေ။ အခုချိန်မှာလည်း ကြိုဆွေးနွေးထားလို့ ရတဲ့ဟာလည်း မဟုတ်သေးဘူးလေ၊ သူတို့ဘက်က ဘယ်လိုလုပ်မယ်ဆိုတာ ချိတ်ဆက်ဆောင်ရွက်လာတဲ့ အချိန်ကျမှပဲ ဆွေးနွေးလို့ရမှာကိုး" ဟု ဦးစိုင်းကျော်ညွန့်က ရှင်းပြသည်။

အဆိုပါအစည်းအဝေးတွင် ဦးတည်ချက်၊ ရည်မှန်းချက်များ ရောက်ရှိ အောင်မြင်နိုင်ရေး၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ရှမ်းအမျိုးသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးတို့ကို အဓိကထား ဦးတည်ဆောင်ရွက်မည့်အပြင် စုပေါင်းအင်အား၊ စုပေါင်းဦးဆောင်မှုနှင့် စုပေါင်း အကောင်အထည်ဖော်ခြင်းတို့ဖြင့် ဆောင်ရွက်သွားရန် အဖွဲ့ဝင်အဖွဲ့အစည်း ခေါင်းဆောင်များက လမ်းညွန်မှုပေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။          
http://thevoicemyanmar.com/index.php/news/45072-shn

No comments:

Post a Comment