မိမိတို့နိုင်ငံအတွင်းရှိ မည်သည့်ကုမ္ပဏီမဆို လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများမဆို စစ်ဆေးအဆုံးသတ်ပေးရန်တာဝန်ရှိသည်ဟု Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
Justice For Myanmar အဖွဲ့အနေနှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ တပ်မတော်နှင့် သက်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများကို အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ၍ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
"ချေးငွေတွေ၊ နည်းပညာနဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးခြင်းကနေတစ်ဆင့် လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှု တွေကို လူသိထင်ရှားတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများက ပံ့ပိုးနေပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ရာဇဝတ်မှုကျုးလွန်သူတွေကို ဘဏ္ဍာရေးအရ အကျိုးအမြတ်ရစေပြီး တိုင်းရင်းသား အရပ်သားလူထုရဲ့ နစ်နာခံစားရမှုတွေကို ဖြစ်ပေါ်စေပါတယ်။ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့ အစည်းများအားလုံးနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်"ဟု မရတနာမောင် က ဆိုသည်။
မြန်မာပြည်သူများက Mytel ကုမ္ပဏီတွင် ရှယ်ယာ ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း၊ သို့သော်လည်း မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီအနေနှင့် မှတ်ပုံတင်ထားသော Star High Co. Ltd., မှတစ်ဆင့် ထိုရှယ်ယာများကို စီမံခန့်ခွဲနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
"ပြည်သူတွေဟာ ကျန်းမာရေးနဲ့အလုပ်အကိုင် အစရှိတာတွေလို သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ ကင်းမဲ့နေချိန်မှာ သူတို့ဆီကနေ အခိုးခံနေရတာ စက်ဆုပ်ဖွယ်ရာ ဖြစ်ပါတယ်။ Mytel ကို အစိုးရက တည်ထောင်ထားတာဖြစ်ပါတယ်။ အခိုးခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ဖော်ထုတ်ပြီး ပြည်သူထံ ပြန်လည်အပ်နှံဖို့ အရပ်သားအစိုးရနဲ့ လွှတ်တော်ရဲ့ တာဝန်ဖြစ်ပါတယ်" ဟု မရတနာမောင်က ပြောဆိုသည်။
အများပြည်သူ၏ အကျိုးစီးပွားကို အလွဲသုံးစားပြုနေမှုနှင့် အန္တရာယ်ကြီးမားလှသော ပွင့်လင်းမြင်သာခြင်း ကင်းမဲ့မှုတစ်ရပ်ကို ဖွင့်ချထုတ်ဖော်လိုက်ကြောင်း၊ ထို့အပြင် မြန်မာပြည်၏ စတုတ္ထမြောက် မိုဘိုင်းလ်အော်ပရေတာဖြစ်သည့် Mytel တွင် အကြီးမားဆုံးရှယ်ယာပိုင်ဆိုင်သူမှာ ပြည်ပ စစ်အင်အားတစ်ရပ်ဖြစ်ခြင်းသည် နိုင်ငံတော်လုံခြုံရေးအား အန္တရာယ်တစ်ခုသို့ ကျရောက်နိုင်စရာ ဖြစ်နေသည်ဟု Justice For Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Mytel တွင် စက်မှုနှင့်ဆက်သွယ်ရေးအုပ်စု (Military Industry and Tele -coms Group - Viettel) ကို ဗီယက်နမ်၏ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန က ပိုင်ဆိုင်ကြောင်း၊ ပြည်တွင်းစစ်ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများ အပါအဝင် မြန်မာနိုင်ငံရှိ စစ်တပ်အခြေစိုက် စခန်းများရှိ Mytel တာဝါတိုင်များကို Viettel မှ ဆောက်လုပ်ထိန်းသိမ်းပေးကြောင်း၊ မြန်မာစစ်တပ်၏ ဆက်သွယ်ရေး ညွှန်ကြားရေးရုံးမှ ပိုင်ဆိုင်သော ဖိုင်ဘာအော့ပ် တစ်လမ်းကြောင်းများ လည်ပတ်ထိန်းသိမ်းမှုကို ၎င်းက ပြုလုပ်ပေးနေခြင်းသည် အများပြည်သူပိုင်ဆိုင်မှုကို တရားမဝင်တလွဲအသုံးပြုရာရောက်သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။
Justic For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရေးအတွက် စည်းရုံးလှုံဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူတစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် စစ်တပ်စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
http://thevoicemyanmar.com/news/45088-luu
No comments:
Post a Comment