Tuesday, December 1, 2020

ရခိုင်တွင်တိုက်ပွဲများရပ်သွားသည့်အပေါ် အိမ်နီးချင်းနိုင်ငံများကြိုဆို

 ရခိုင်တွင်တိုက်ပွဲများရပ်သွားသည့်အပေါ် အိမ်နီးချင်းနိုင်ငံများကြိုဆို 

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဒီဇင်ဘာ ၂/ ၂ဝ၂ဝ

ရခိုင်တိုက်ပွဲများ ရပ်ဆိုင်းသွားသည့်အပေါ် အိမ်နီးချင်းနိုင်ငံများ၏ အပြုသဘောဆောင်သည့် ကြိုဆိုမှုများကို တွေ့ရသည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောဆိုသည်။

“ အဲလိုပဲအနေထားတစ်ခုပြောင်းသွားတဲ့အခါမှာ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရခိုင်နဲ့ နီးစပ်တဲ့ နိုင်ငံတွေလေ။ ဘင်္ဂလာဒေ့ရှ်လည်း စိတ်ဝင်စားသလို အိန္ဒိယကလည်း စိတ်ဝင်စားတယ်။ အားလုံးကတော့ အပြုသဘောဆောင်ပါတယ်။ အေအေနဲ့ တပ်မတော်နဲ့ နားလည်မှုရသွားတဲ့ အခြေနေမျိုးကိုလည်း သူတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။”

ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန် Mr.Mohammad Barikul Islam နှင့် အဖွဲ့က ရခိုင်ပြည်နယ် လွှတ်တော်တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌအား နိရဉ္စရာသတင်းဌာမှ ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရခိုင်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ရခိုင်လွှတ်တော် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးသည်ကို ကျေးဇူးတင်ကြောင်း ဦးစံကျော်လှက ပြောသည်။

“ဘာပဲပြောပြော ရခိုင်ပြည်နယ်ရဲ့ အနေထားဟာ ရုတ်တရက်ကြီးပြောင်းလဲသွားတာကို။ ဒီလိုရခိုင်ပြည်နယ်မှာ တိုတောင်းတဲ့အချိန်ကာလမျိုးမှာ သေနတ်သံတွေ ပျောက်သွားလိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်ဘူး။ ကျွန်တော်တို့လည်း မမျှော်လင့်ဘူး။ မမျှော်လင့်တဲ့ အနေအထားတစ်ခုဟာ ဆိုင်းမဆင့် ဗုံမဆင့် ဖြစ်လာတယ်။ ဒီအတွက်တော့ ဘာပဲပြောပြော ကြားဝင်ဆောင်ရွက်ပေးတဲ့  ဂျပန်နိုင်ငံရဲ့ ဥက္ကဋ္ဌကြီး ဆာဆာကာဝါကိုလည်း ကျေးဇူးတင်ရပါမယ်” ဟု ပြောဆိုသည်။

ရခိုင်စစ်ပွဲရပ်သွားခြင်းမှာ မည်သူမျှ မျှော်လင့်မထားသော အပြောင်းလဲတစ်ခုဖြစ်ပြီး ၎င်းအပြောင်းလဲအပေါ်တွင်  အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်တို့ စိတ်ဝင်စားမှု ရှိနေကြသည်ဟု ဆိုသည်။

ယမန်နေ့က ဘင်္ဂလာဒေ့ရှ် ကောင်စစ်ဝန်မှ လာရောက်တွေ့ဆုံရာတွင် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စ အပေါ်တွင်လည်း စိတ်ဝင်စားမှုများရှိကြောင်း၊ အိုးအိမ်မဲ့နေသည့် စစ်ဘေးရှောင်များအတွက် ဦးစားပေးကူညီပေးရန် ကိစ္စရပ်အပေါ်တွင်လည်း ဆွေးနွေးမှုများရှိခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ပြောဆိုသည်။

“အဓိကတော့ ဒုက္ခသည်တွေကို ဘယ်လိုအကူညီမျိုးကို ပေးမလဲ။ အဓိကလိုအပ်တဲ့ အနေထားမျိုးက အခုသူတို့ ရွာပြန်နေကြပြီ။ ရွာပြန်တဲ့အခါ သူတို့မှာ နေစရာအိမ်မရှိတော့ဘူး။ စားစရာ ဆန်မရှိတော့ဘူး။ အဲဒါကြောင့် အဓိကလိုအပ်တဲ့ ရွာပြန်တဲ့အခါမှာ နေဖို့ထိုင်ဖို့ နေရာထိုင်ခင်း အကူအညီ ပေးသင့်တယ်။ ပြီးတော့ စားသောက်ဖို့ အစားအစာတွေ အကူညီပေးသင့်တယ်လို့တော့ ပြောပြလိုက်ပါတယ်။”  

မနေ့က တွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် အတူ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းလည်း ပါဝင်ကြောင်း သိရသည်။

“ လောလောဆယ်မှာ နေစရာအိမ်နဲ့ စားဝတ်နေရေး ဒီနှစ်ခုက အဓိကကျနေတယ်။ ကျန်းမာရေးတို့၊ ပညာရေး တို့ဆိုတာက နောက်ပိုင်း။ မကြာမီသူတို့ အိမ်ပြန်ကြတော့မယ်။ အခုလိုတစ်ယောက်နဲ့ တစ်ယောက် အေအေနဲ့ အစိုးရနားလည်မှုရထားတဲ့ အနေထားကလည်း တစ်စတစ်စ ခိုင်မြဲလာလိမ့်မယ်လို့ ယုံကြည်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်နေသော်လည်း တရားဝင်အပစ်ရပ်စဲရေး မဟုတ်သဖြင့်  စစ်ဘေးရှောင် အများစုမှာ နေရပ်မပြန်ဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု သိရသည်။

နိုဝင်ဘာ ၃ဝ ရက်နေ့ကလည်း စစ်တွေမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Dr Gautam Kumar Pandey သည်  ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် သီးသန့် လာရောက်ပြီး ရခိုင်အရေးကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂ နှစ်တာကာလ တိုက်ပွဲများအတွင်း အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ဦးရေမှာ နှစ်သိန်းသုံးသောင်းကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

(ဓာတ်ပုံ- ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဘင်္ဂလာဒေ့ရှ်ကောင်စစ်ဝန်လာရောက်တွေ့ဆုံ/ဦးစံမြတ်ရွှေ)

------------------------- 

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂/ ၂ဝ၂ဝ















https://burmese.narinjara.com/.../5fc770943f8935047dbb789c

ရခိုင်တွင်တိုက်ပွဲများရပ်သွားသည့်အပေါ် အိမ်နီးချင်းနိုင်ငံများကြိုဆို


https://www.facebook.com/narinjara.info/posts/3840950952583620

No comments:

Post a Comment