Tuesday, December 1, 2020

တပ်မတော်နှင့်AA ဆွေးနွေးမှုကောင်းမွန်သော်လည်း စောင့်ကြည့်ရမည်ဟု NLD ပြော၊ ကောင်းမွန်သည့်အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဟု ANP ဆို

 တပ်မတော်နှင့်AA ဆွေးနွေးမှုကောင်းမွန်သော်လည်း စောင့်ကြည့်ရမည်ဟု NLD ပြော၊ ကောင်းမွန်သည့်အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဟု ANP ဆို

အိမ်စိုးဖြူ၊ သျှင်မင်းဇံ

နိရဉ္စရာ၊ ဒီဇင်ဘာ ၂/ ၂ဝ၂ဝ

ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည့်  တပ်မတော်နှင့် အေအေတို့၏ ဆွေးနွေးချက်မှာ ကောင်းမွန်သော်လည်း စောင့်ကြည့်ရမည့် အခြေအနေသာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရသူ မုံရွာအောင်ရှင်က ပြောဆိုလိုက်ပြီး ရခိုင် အမျိုးသားပါတီ (ANP) မှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ကောင်းမွန်သည့် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်ဟု ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်မှ ထိပ်တန်းခေါင်းဆောင်များသည်  နိုဝင်ဘာ ၂၅ ရက်နေ့က နာရီဝက်ခန့်အကြာ Online အစည်းအဝေးပြုလုပ်ခဲ့ကြောင်း AA က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရသူ မုံရွာအောင်ရှင်ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းက အစိုးရအနေဖြင့် လက်ရှိ အခြေအနေကို အချိန် အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်နိုင်ကြောင်း သူကဆက်ပြောသည်။

“ကျွန်တော်အနေနဲ့အမြင်ကတော့ အစိုးရအနေနဲ့ဒီဟာကို အချိန်တစ်ခုထိစောင့်ကြည့်မယ်လို့ထင်တယ်။ UEC လည်း ဒီလိုပါပဲ အချိန်တစ်ခုထိ စောင့်ကြည့်မယ်လို့ထင်တယ်။ အချိန်တစ်ခုထိစောင့်ကြည့်ပြီးမှ ဒီဟာ အပေါ်မှာ ဆုံးဖြတ်မယ်။ အကဲဖြတ်မယ်လို့ ထင်ပါတယ်။ စောင့်ကြည့်ရမှာပါ” ဟုပြောသည်။

သို့သော်လည်း ယခုတွေ့ဆုံမှုမှာ ဒေသအတွင်း ကောင်းသည့် လက္ခဏာဟု ပြောဆိုသည်။

“လက်တွေ့ကျတဲ့ လိုက်နာမှုမျိုးလိုက်နာနိုင်ရင်တော့ အဲဒီဒေသအတွက် အလွန်ကောင်းတဲ့အခြေတစ်ခုလို့ ပြောချင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲကိစ္စတို့ ကတော့ UEC နဲ့ဆိုင်တဲ့ကိစ္စပဲလေ။  ဒီလိုဒေသတွင်းမှာ အခုလိုတွေ့လာရတာ ကောင်းတဲ့လက္ခဏာပဲလို့ အရင်ပြောချင်တယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။

မြေပုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ၎င်းတို့ နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုမှာ လက်ရှိ ရခိုင်ပြည်သူများ ခံစားနေရသည့် ဒုက္ခများအပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှု ရှိလာနိုင်ကြောင်း ပြောသည်။

“ဒီနေ့ အေအေရဲ့ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်နဲ့သေချာပေါက်ဆွေးနွေးနေတာကို  တာဝန်ခံမှု၊ တာဝန်ယူမှုအနေနဲ့ ဖော်ပြလိုက်လို့ သူတို့မှာယုံကြည်မှုအတိုင်း အတာတစ်ခုရှိတယ်လို့ ကျွန်တော်တို့မြင်တယ်။” 

အေအေနှင့် မြန်မာတပ်မတော်တို့ အနေဖြင့် ရှေ့ဆက်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းဆက်ပြောသည်။

AA ၏  ယနေ့ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်မှ ရခိုင်၊ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခြင်း "လုံးဝ"မရှိ တော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ကြောင်း၊  နှစ်ဖက်တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၂ဝ) ကျော်ခဲ့ပြီဖြစ်ကြောင်း၊ အကောင်းဖက်မှကြည့်သော် တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မိမိတို့ မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့်မည်ဟု အေအေအနေဖြင့် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ဆွေးနွေးရာတွင်  အချိန်မီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကိစ္စ၊  သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေးနှင့် အန္တရာယ်ကင်းစွာသယ်ယူပို့ဆောင်နိုင်ရေးကိစ္စနှင့် ရရှိထားပြီးသော အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် ကိစ္စရပ်တို့ကို  အကြမ်းအားဖြင့် ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းပြင်  မြန်မာ့တပ်မတော်အား ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြ ကင်းမဲ့စွာဖြင့်ခရီးသွားလာနိုင်ရန်နှင့် အခြေခံ စားသောက် ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာသယ်ယူ ပို့ဆောင်နိုင်ရန်နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများ အားလုံးမှ ပြည်သူလူထု များ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှု အတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန် စသည့်အချက်(၂) ချက်ကိုလည်း အလေးထားစဉ်းစားဆောင်ရွက်ပေးရန် အကြံပြု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

------------------------------

Unicode -



နိရဉ်စရာ၊ ဒီဇငျဘာ ၂/ ၂ဝ၂ဝ













https://burmese.narinjara.com/.../5fc79cbf3f8935047dbb78a...


https://www.facebook.com/narinjara.info/posts/3841304095881639

No comments:

Post a Comment