Wednesday, December 30, 2020

လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်က တိုင်းရင်းသားပါတီများအတွက် အကျိုးမရှိဟု ဖက်ဒရယ်အရေးလေ့လာသူ နိုင်ဗညားမွန်သုံးသပ်

 

လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်က တိုင်းရင်းသားပါတီများအတွက် အကျိုးမရှိဟု ဖက်ဒရယ်အရေးလေ့လာသူ နိုင်ဗညားမွန်သုံးသပ်

 
392
Photo: Banya Mon FB.

ဒီဇင်ဘာ ၃၀ ရက်၊၂၀၂၀ ပြည့်နှစ်။ စောထွန်းလင်း

လက်ရှိကျင့်သုံးနေသည့် နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် (First-Past-The-Post (FPTP)) က တိုင်းရင်းသားပါတီများအတွက် အကျိုးမရှိကြောင်း ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီစင်တာ၏ ပရိုဂရမ်ဒါရိုက်တာ နိုင်ဗညားမွန်က သုံးသပ်ပြောသည်။

“တိုင်းရင်းသားတွေအတွက် မျှတဲ့ရွေးကောက်ပွဲစနစ်က ဘယ်လိုစနစ်မျိုးလည်းဆိုတာ ကျနော့်အနေနဲ့ အသေအချာတော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက အခုရှိနေ တဲ့ FPTP ရွေးကောက်ပွဲစနစ်က တိုင်းရင်းသားပါတီတွေ အထူးသဖြင့် ပြည်နယ်အခြေပြုတဲ့ ပါတီတွေ အတွက် အကျိုးရှိမနေဘူး။ အင်အားကြီးပါတီတွေကိုတော့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင် မှာမဟုတ်ဘူး။ တခြားစနစ်တစ်ခုလိုအပ်မယ်လို့ ကျနော်ယူဆတယ်” ဟု နိုင်ဗညားမွန်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း မြို့နယ် ခုနစ်မြို့နယ်ကိုအခြေခံသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၇ နေရာရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နေရာ အနိုင်ရရှိခဲ့သည်။

သို့ရာတွင် မြို့နယ်ခုနစ်မြို့နယ်လုံး၏ ပြည်သူ့လွှတ်တော် မဲရလဒ်များကို ပြန်ပေါင်းကြည့် မည်ဆိုပါက NLD က ၃၄၀,၅၇၈ မဲ၊ ကရင်ပါတီက ၁၂၄,၁၀၃ မဲနှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၉,၅၅၈ ရရှိသည်ကိုတွေ့ရပြီး USDP ထက် မဲပိုရသော်လည်း ကရင်ပါတီများက ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရသည်ကိုတွေ့ရကြောင်း နိုင်ဗညားမွန် ကပြောသည်။

“ကရင်ပါတီမဲက USDP ထက်တောင် ပိုများတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲစနစ်ကြောင့် သူတစ်နေရာမှမရဘူး။ အဲ့လိုပုံစံမျိုးဖြစ်သွားတယ်။ သူ့လူထုက သူ့ကိုထောက်ခံတယ်။ မဲရလဒ်က ဒုတိယရပေမဲ့ ပြည်သူ့လွှတ်တော်အတွက် တယောက်မှမနိုင်ဘူး။ ဒီတော့ ကရင်လူထုအသံကို ဘယ်သူကကိုယ်စားပြုပြောပေးမလဲဆိုတဲ့ မေးခွန်းရှိလာတယ်” ဟု ၎င်းကပြောသည်။

အလားတူ ချင်းပြည်နယ်တွင်လည်း ပြည်သူ့လွှတ်တော်နေရာ ကိုးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှစ်နေရာနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က တစ်နေရာစီ အနိုင်ရရှိခဲ့ပြီး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစ်ပြည်နယ်လုံးတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ထက် မဲပိုရသော်လည်း ကိုယ်စားလှယ်တစ်ဦးမှ မနိုင်သည် ကိုတွေ့ရကြောင်း နိုင်ဗညားမွန်က ဆက်လက်ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်တွင် တစ်ပြည်နယ်လုံးအတိုင်း၌ NLD က မဲ ၃၄၀,၅၇၈ ရရှိပြီး ကိုယ်စားလှယ် ခြောက်ဦးအနိုင်ရသော်လည်း ချင်းပြည်နယ်တွင် မဲ ၁၀၇,၃၇၄ မဲ ရရှိခဲ့သော်လည်း ကိုယ်စားလှယ် ရှစ်ဦးထိ အနိုင်ရခဲ့သည်။ ယင်းသည် မြို့နယ်ကို အခြေခံသည့် မဲဆန္ဒနယ် သတ်မှတ်ထားခြင်းကြောင့် ကိုယ်စားလှယ် ရရှိမှု ကွာခြားသွားခြင်းဖြစ်သည်။

“တကယ်လို့များ နိုင်သူအကုန်ယူတဲ့စနစ်မဟုတ်ဘဲ။ တခြားစနစ်တစ်ခုပေါ့၊ အများပြော ပြောနေတဲ့ အချိုးကျပုံစံမျိုးဆိုရင်၊ ကရင်ပါတီကလည်း လွှတ်တော်မှာ အချိုးကျပါဝင် ခွင့်ရှိမယ်။ ချင်းကလည်း အချိုးကျ ပါဝင်ခွင့်ရှိမယ်။ ဒီ့အပြင် ဘာမှအနိုင်မရတဲ့ပါတီလည်း အချိုးကျပါဝင်ခွင့်ရရှိမယ်။ အချက်အလက်တွေအရတော့ စနစ်ကသာ ခရာကျတယ်လို့ ကျနော်ယူဆတယ်” ဟု နိုင်ဗညားမွန်က ပြောသည်။

နိုင်ဗညားမွန်ဒါရိုက်တာ အဖြစ်တာဝန်ထမ်းဆောင်နေသည့် ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင် တာသည် ဖက်ဒရယ်ဆိုင်ရာ ဗဟုသုတများရရှိစေရန် ရည်ရွယ်တည်ထောင်ထားပြီး ဖက်ဒရယ်နှင့်ဆိုင်သည့် သုတေသနများပြုစုခြင်း၊ စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် ဖက်ဒရယ်ဂျာနယ် ထုတ်ဝေခြင်းများ ပြည်တွင်း၌ ပြုလုပ်နေကြောင်း သိရသည်။

http://kicnews.org/2020/12/%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%94%e1%80%9e%e1%80%8a%e1%80%b7%e1%80%b9-%e1%80%b1/

No comments:

Post a Comment