Wednesday, December 30, 2020

ဖမ္းဆီးခံ ေတာင္ကုတ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို AA မွ ျပန္လႊတ္ေပးလၽွင္ နိုင္ငံေရးအရ အခြင့္လမ္းမ်ားေပၚလာမည္ဟု NLD ဆို

 ဖမ္းဆီးခံ ေတာင္ကုတ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို AA မွ ျပန္လႊတ္ေပးလၽွင္ နိုင္ငံေရးအရ အခြင့္လမ္းမ်ားေပၚလာမည္ဟု NLD ဆို

ေဆာင္းဇာျခည္

နိရဥၥရာ၊ ဒီဇင္ဘာ ၃၁/ ၂ဝ၂ဝ

ရကၡိဳင့္တပ္ေတာ္ (AA) က ဖမ္းဆီးထိန္းသိမ္းထားသည့္ ေတာင္ကုတ္ၿမိဳ႕နယ္မွ NLD အဖြဲ႕ဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို အျမန္ဆုံးျပန္လႊတ္ေပးရန္ ရခိုင္ျပည္နယ္ အလုပ္အမႈေဆာင္အဖြဲ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) မွ ဒီဇင္ဘာ ၂၉ ရက္ေန႔က ေၾကညာခ်က္ထုတ္ ေတာင္းဆိုခဲ့သည္။

အဆိုပါ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ NLD ေျပာခြင့္ရသူ ဦးစိုးေလး (ခ) ဦးစိုးဝင္းသို႔ ဆက္သြယ္ရာ ဘယ္ကလဲဟု ေမးျမန္းသျဖင့္ နိရဥၥရာ သတင္းဌာနက ျဖစ္ေၾကာင္း ေျပာဆိုရာ ဖုန္းခ်ပစ္ၿပီး ေနာက္ထပ္ ဆက္လက္ ဖုန္းေခၚရာ မကိုင္သျဖင့္ ေၾကညာခ်က္ထုတ္ျပန္သည့္ NLD (ရခိုင္ျပည္နယ္ အလုပ္အမႈေဆာင္အဖြဲ႕)၏ သေဘာထားကို ေမးျမန္းနိုင္ျခင္း မရွိခဲ့ပါ။

သို႔အတြက္ NLD ေျပာခြင့္ရသူ ေဒါက္တာ မ်ိဳးညႊန္႔သို႔ ဆက္သြယ္ရာ ဖမ္းဆီးခံအမတ္ ၃ ဦးအား AA အေနျဖင့္ ျပန္လႊတ္ေပးခဲ့လၽွင္ နိုင္ငံေရးအရ အခြင့္လမ္းမ်ား ရရွိလာနိုင္သည္ဟု ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ နိုင္ငံေရးနည္းအရ ေတြ႕ဆုံေဆြးေႏြးမည့္ အခြင့္လမ္းေတြ ေပၚလာမွာေပါ့ေနာ္။ အၾကမ္းဘက္ လုပ္ရပ္ကို စြန္႔လႊတ္လိုက္တယ္၊ ရပ္နားလိုက္တယ္ဆိုတဲ့အခါမွာ ဒါသူ႔အဖြဲ႕အေပၚ တစ္စုံတစ္ရာသက္ေရာက္မႈ ရွိနိုင္ပါတယ္။ အဓိကကေတာ့ ဒီရခိုင္ျပည္နယ္ရဲ့ ျပသနာကို နိုင္ငံေရးနည္းအရ ေျဖရွင္းနိုင္ဖို႔အတြက္ ေဆာင္ရြက္လာရင္ပဲ ကၽြန္ေတာ္တို႔ တိုးတက္မႈေတြ ရလာလိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္” ဟု ေဒါက္တာ မ်ိဳးညြန္႔က နိရဥၥရာသို႔ ေျပာသည္။

ဖမ္းဆီးခံထားရသူ သုံးဦးမွာ ေတာင္ကုတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနီနီေမျမင့္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမင္းေအာင္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာတို႔ျဖစ္ၾကသည္။

ရခိုင္ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႕ ( NLD) ၏ ထုတ္ျပန္ခ်က္ထဲတြင္ “ယေန႔ ျမန္မာနိုင္ငံ၏ အေျခေနသည္ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းၿပီး ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ ေအာင္ျမင္စြာ တည္ေဆာက္ ေပၚထြန္းေရး အတြက္ အခြင့္အလမ္း အေကာင္းဆုံး အခ်ိန္အခါေကာင္း ျဖစ္ပါေၾကာင္း၊ ေအေအအဖြဲ႕အေနျဖင့္ နိုင္ငံအတြက္ တန္ဖိုးႀကီးမားလွသည့္ အခြင့္အလမ္း တစ္ရပ္ကို လက္လႊတ္ဆုံးရႈံးမခံဘဲ လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို အျမန္ဆုံးလႊတ္ေပးျခင္းသည္ (ေနာင္အနာဂတ္ ျမန္မာနိုင္ငံ အတြက္ ေရွးရႈရမည့္ ျပည္ေထာင္စုအေရးကိစၥ) အတြက္ မ်ားစြာ အက်ိဳးျဖစ္မည္ဟု ယုံၾကည္ပါေၾကာင္း၊ ထို႔ေၾကာင့္ ဖမ္းဆီးထားသူမ်ားကို အျမန္ဆုံး ျပန္လည္လႊတ္ေပးရန္ အႏူးအညြတ္တိုက္တြန္း ႏွိုးေဆာ္ အပ္ပါေၾကာင္း” ပါရွိသည္။

၎တို႔ ၃ ဦးျပန္မလႊတ္လာသျဖင့္ အထူးစိုးရိမ္မိေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာ၏ မိခင္ ေဒၚေမသီက ေျပာသည္။

 “အခုက ေဆာင္းရာသီကိုလည္း ေရာက္လာၿပီ။ သုံးလျပည့္ေတာ့မယ္။ အန္တီတို႔ကလည္း ကိုယ့္သားသမီးကို အရမ္းစိုးရိမ္တာေပါ့။ ဒါေပမယ့္ ဟိုမွာ သူတို႔ကို က်န္းမာေရးကအစ ေကာင္းေကာင္းမြန္မြန္၊ ေအးေအးခ်မ္းခ်မ္း ထားတယ္ဆိုေတာ့ အန္တီတို႔က ဝမ္းသာပါမယ္။ အျမန္ဆုံး အဆက္သြယ္ရခ်င္ပါတယ္။ အျမန္ဆုံး လႊတ္ေပး ပါလို႔လည္း ေျပာခ်င္ပါတယ္။ နီနီေမျမင့္မွာလည္း ကေလးက ငယ္ငယ္ေလးဆိုေတာ့ သူ႔အေမနဲ႔ ေတြ႕ခ်င္ ရွာပါတယ္” ဟု နိရဥၥရာသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၄ ရက္ေန႔က သူတို႔ သုံးဦး ေတာင္ကုတ္ၿမိဳ႕နယ္ ေဖာင္းခါးေက်းရြာ၌ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး လုပ္ေနစဥ္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည္။

၎တို႔ သုံးဦး ယေန႔ အခ်ိန္အထိ ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေသးေသာေၾကာင့္ မိသားစုမ်ား လြန္စြာ စိုးရိမ္ပူပင္ေသာက ေရာက္လၽွက္ရွိေၾကာင္း၊  ၿမိဳ႕နယ္တြင္း ေနထိုင္သူမ်ားႏွင့္ ျပည္တြင္းရွိ ျပည္သူမ်ားမွာလည္း ေၾကာက္ရြံ့စိုးရိမ္မႈတို႔ျဖင့္ ေနထိုင္လုပ္ကိုင္စားေသာက္ေနၾကရပါေၾကာင္း ေၾကညာခ်က္ထဲတြင္ ေဖာ္ျပထားသည္။

----------------------------------------

Unicode -

ဖမ်းဆီးခံ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို AA မှ ပြန်လွှတ်ပေးလျှင် နိုင်ငံရေးအရ အခွင့်လမ်းများပေါ်လာမည်ဟု NLD ဆို

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားသည့် တောင်ကုတ်မြို့နယ်မှ NLD အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် NLD ပြောခွင့်ရသူ ဦးစိုးလေး (ခ) ဦးစိုးဝင်းသို့ ဆက်သွယ်ရာ ဘယ်ကလဲဟု မေးမြန်းသဖြင့် နိရဥ္စရာ သတင်းဌာနက ဖြစ်ကြောင်း ပြောဆိုရာ ဖုန်းချပစ်ပြီး နောက်ထပ် ဆက်လက် ဖုန်းခေါ်ရာ မကိုင်သဖြင့် ကြေညာချက်ထုတ်ပြန်သည့် NLD (ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့)၏ သဘောထားကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

သို့အတွက် NLD ပြောခွင့်ရသူ ဒေါက်တာ မျိုးညွှန့်သို့ ဆက်သွယ်ရာ ဖမ်းဆီးခံအမတ် ၃ ဦးအား AA အနေဖြင့် ပြန်လွှတ်ပေးခဲ့လျှင် နိုင်ငံရေးအရ အခွင့်လမ်းများ ရရှိလာနိုင်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးမည့် အခွင့်လမ်းတွေ ပေါ်လာမှာပေါ့နော်။ အကြမ်းဘက် လုပ်ရပ်ကို စွန့်လွှတ်လိုက်တယ်၊ ရပ်နားလိုက်တယ်ဆိုတဲ့အခါမှာ ဒါသူ့အဖွဲ့အပေါ် တစ်စုံတစ်ရာသက်ရောက်မှု ရှိနိုင်ပါတယ်။ အဓိကကတော့ ဒီရခိုင်ပြည်နယ်ရဲ့ ပြသနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ဖို့အတွက် ဆောင်ရွက်လာရင်ပဲ ကျွန်တော်တို့ တိုးတက်မှုတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က နိရဥ္စရာသို့ ပြောသည်။

ဖမ်းဆီးခံထားရသူ သုံးဦးမှာ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ( NLD) ၏ ထုတ်ပြန်ချက်ထဲတွင် “ယနေ့ မြန်မာနိုင်ငံ၏ အခြေနေသည် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ် အောင်မြင်စွာ တည်ဆောက် ပေါ်ထွန်းရေး အတွက် အခွင့်အလမ်း အကောင်းဆုံး အချိန်အခါကောင်း ဖြစ်ပါကြောင်း၊ အေအေအဖွဲ့အနေဖြင့် နိုင်ငံအတွက် တန်ဖိုးကြီးမားလှသည့် အခွင့်အလမ်း တစ်ရပ်ကို လက်လွှတ်ဆုံးရှုံးမခံဘဲ လွှတ်တော်ကိုယ်စား လှယ်လောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို အမြန်ဆုံးလွှတ်ပေးခြင်းသည် (နောင်အနာဂတ် မြန်မာနိုင်ငံ အတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ) အတွက် များစွာ အကျိုးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် အနူးအညွတ်တိုက်တွန်း နှိုးဆော် အပ်ပါကြောင်း” ပါရှိသည်။

၎င်းတို့ ၃ ဦးပြန်မလွှတ်လာသဖြင့် အထူးစိုးရိမ်မိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၏ မိခင် ဒေါ်မေသီက ပြောသည်။

 “အခုက ဆောင်းရာသီကိုလည်း ရောက်လာပြီ။ သုံးလပြည့်တော့မယ်။ အန်တီတို့ကလည်း ကိုယ့်သားသမီးကို အရမ်းစိုးရိမ်တာပေါ့။ ဒါပေမယ့် ဟိုမှာ သူတို့ကို ကျန်းမာရေးကအစ ကောင်းကောင်းမွန်မွန်၊ အေးအေးချမ်းချမ်း ထားတယ်ဆိုတော့ အန်တီတို့က ဝမ်းသာပါမယ်။ အမြန်ဆုံး အဆက်သွယ်ရချင်ပါတယ်။ အမြန်ဆုံး လွှတ်ပေး ပါလို့လည်း ပြောချင်ပါတယ်။ နီနီမေမြင့်မှာလည်း ကလေးက ငယ်ငယ်လေးဆိုတော့ သူ့အမေနဲ့ တွေ့ချင် ရှာပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က သူတို့ သုံးဦး တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်နေစဉ် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ သုံးဦး ယနေ့ အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသောကြောင့် မိသားစုများ လွန်စွာ စိုးရိမ်ပူပင်သောက ရောက်လျှက်ရှိကြောင်း၊  မြို့နယ်တွင်း နေထိုင်သူများနှင့် ပြည်တွင်းရှိ ပြည်သူများမှာလည်း ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် နေထိုင်လုပ်ကိုင်စားသောက်နေကြရပါကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

https://burmese.narinjara.com/.../5fec67633f8935047dbb799c


https://www.facebook.com/narinjara.info/posts/3918732484805466

No comments:

Post a Comment