Wednesday, December 30, 2020

ကရင်ဒေသတွင် စစ်ပွဲများ ရပ်တန့်ရန် ကရင်လူငယ်ကွန်ရက်တောင်းဆို

 ကရင်ဒေသတွင် စစ်ပွဲများ ရပ်တန့်ရန်   ကရင်လူငယ်ကွန်ရက်တောင်းဆို


By DVB 31 December 2020 Print Email

ပြည်တွင်းစစ်ကို အလိုမရှိကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ကရင်ဒေသမှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ ကရင်လူငယ်ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။


လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ မဲဝိုင်(ဖာပွန်ဒေသအပါအဝင်)အနီးမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပေါ် ကရင်လူငယ်ကွန်ရက်က ဒီဇင်ဘာ ၃၀ ရက်မှာ သဘောထားရပ်တည်ချက် ကြေညာစာတမ်း ထုတ်ပြန် တောင်းဆိုလိုက်တာပါ။



 

ကရင်ဒေသမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ အထူးသဖြင့် တပ်မဟာ ၅ မဲဝိုင်ဖက်မှာ တပ်မတော်ရဲ့ နယ်မြေကျူးကျော်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ တခြားသော တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပုံဖော်မှုတွေနဲ့ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို လိုလားပြီး၊ ပြည်တွင်းစစ်ကို အလိုမရှိကြောင်း၊ စစ်ပွဲတွေကို ရပ်တန့်စေလိုတဲ့ အနေနဲ့ထုတ်ပြန်ခဲ့တာလို့ ကရင်လူငယ်ကွန်ရက်အဖွဲ့ဝင် ကော်သူလေးဒေသ တာဝန်ခံ စောအယ်ကော်က  ပြောပါတယ်။


“ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ယုံကြည်မှုကတော့ ရိုက်ချိုးသလိုမျိုးဖြစ်နေတယ်။ တပ်မဟာ ၅ မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကတော့ ကျနော်တို့အနေနဲ့ကတော့ ဦးတည်ပြီးတော့ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်တဲ့နေရာမှာ အစိုးရသော်လည်းကောင်း တပ်မတော် သော်လည်းကောင်း၊ နိုင်ငံရေးဆန္ဒမှန်မှန်နဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းတာ”။


ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မြန်မာ့နိုင်ငံရေးဓလေ့၊ မူတြော်ခရိုင်(ဖာပွန်)ဒေသ ပြဿနာတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းအပေါ် ဖော်ဆောင်နိုင်မှုမရှိတာနဲ့ မြန်မာ့တပ်မတော်က အစိုးရရဲ့ ညွှန်ကြားချက်အောက်မှာမရှိတဲ့ဆိုးကျိုး စတာတွေကိုလည်း ကရင်လူငယ်တွေရဲ့ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။


တပ်မတော်က တပ်မဟာ ၅ နယ်မြေအတွင်းမှာ ၂၀၀၈ ခုနှစ်က ဌာနေတိုင်းရင်းသားအခွင့်အရေးနဲ့ မြေယာသစ်တော်ကာကွယ်ထိန်းသိမ်းရေး ဦးဆောင်သူတစ်ဦး၊ ၂၀၂၀ မတ်လမှာ သစ်တောကာကွယ်ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးနဲ့ ၂၀၂၀ ဇူလိုင်လမှာ နော်မုနော်တို့ကို အကြောင်းမဲ့ ပစ်သတ်ပြီး နားကွင်းနဲ့ဆွဲကြိုးတွေကို လူသတ်လုယူသွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။


လတ်တလောမှာလည်း တပ်မတော်နဲ့ ကေအန်အယ်လ်အေ တပ်မဟာ ၅ တို့  အကြား နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံရွာသား ၃,၀၀၀ ကျော်ဟာ တိုက်ပွဲရှောင်နေရတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြုံနေရပါတယ်။


တပ်မတော်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြချက်နဲ့ နယ်မြေစိုးမိုးရေးအတွက် စခန်းတည်ဆောက်တာတွေ အမြန်ဆုံးရုပ်သိမ်းပေးဖို့ တပ်မဟာ ၅ နဲ့ တပ်မဟာ ၁  နယ်မြေကနေ  ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး တပ်စခန်းတွေ ဖယ်ရှားပေးဖို့ သဘောထား ထုတ်ပြန်ထားပါတယ်။


တပ်မတော်ဘက်တော့ ဒီဒေသဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက တပ်စခန်းတွေ ထားရှိခဲ့တဲ့ ဒေသဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 


ရဲမင်းခေါင်


http://burmese.dvb.no/archives/431787

No comments:

Post a Comment