Tuesday, December 1, 2020

အပစ်အခတ်ရပ်စဲရေးကာလ တပ်မတော် သက်တမ်းတိုး

 မြန်မာပြည်အနှံ့ဖြစ်ပွားနေသည့် covid-19 ကပ်ရောဂါ တားဆီးကာကွယ်ရေး အပါအဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းများ လှုပ်ရှားနေသည့်ဒေသများမှအပ ကျန်ဒေသအားလုံး အပစ်အခတ် ရပ်စဲရေး ကြေညာမှုအား ဒီဇင်ဘာလကုန်အထိသက်တမ်းတိုးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သည် နိုဝင်ဘာ ၉ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းပြီး ယင်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများအား ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆောင်ရွက်နိုင်ရန်လည်း ယခု အပစ်အရပ်သက်တမ်းတိုးမှုက ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို တပ်မတော်က မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တစ်ကြိမ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ တစ်ကြိမ် နှင့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ တစ်ကြိမ် ၊ စတုတ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ နှင့် ယခု ပဉ္စမအကြိမ် သက်တမ်းတိုး ခြင်းဖြစ်သည်။

ထိုကာလအတွင်း အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် လက်နက်ကိုင်များ လှုပ်ရှားနေသည့် ဒေသများမှ အပ ကျန်ဒေသအားလုံးတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဟု သတင်းထုတ်ပြန်တွင်ဖော်ပြခဲ့သည်။

အစိုးရက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၂၀၂၀ခုနှစ် မတ် ၂၃ ရက်တွင် ကြေညာခဲ့ရာ တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးသည် AA လှုပ်ရှားနေသည့် ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့၌ သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

သို့သော်လည်း တပ်မတော်သည် ငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းပြီးနောက် ဂျပန်အထူးကိုယ်စားလှယ်၏ကြားဝင်စေ့စပ်မှုဖြင့် AA အဖွဲ့ကို ညှိနှိုင်းမှုများပြုလုပ်နေပြီး ယင်းညှိနှိုင်းမှုသည် လက်တလော ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများကို ငြိမ်သက်စေခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

သို့သော်လည်း AA အဖွဲ့အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခံရမှုမှ ပြန်လည်ဖယ်ရှားနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များ လုပ်ဆောင်ပြရန်လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

https://myanmar.mmtimes.com/news/147632.html

No comments:

Post a Comment