တပ်မတော်၏ အပစ်ရပ် ကြေညာမှုတွင် ရခိုင်မပါဝင်၍ စိုးရိမ်၊ AA ကို အကြမ်းဖက် ကြေညာထားမှု ပယ်ဖျက်ရန်နှင့် နှစ်ဖက်တရားဝင် အပစ်ရပ်ရန် တောင်းဆို
By ရန်ကုန်ခေတ်သစ်
တပ်မတော်က ဒီဇင်ဘာလ တစ်လလုံး တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေ ညာချက်ထုတ်ပြန်လိုက်ရာတွင် ရခိုင်ဒေသပါဝင်ခြင်းမရှိ၍ စိုးရိမ်မှုများပြန်လည် မြင့်တက်လာပြီး AA ကို အကြမ်းဖက်အဖွဲ့ ကြေညာထားမှုမှ အမြန်ဆုံးပယ်ဖျက်ကာ နှစ်ဖက် တရားဝင် အပစ်အခတ်ရပ်စဲကြရန် ရခိုင်နိုင်ငံရေးသမားများက တိုက်တွန်း ပြောဆိုလိုက်သည်။
လတ်တလော ဂျပန်အစိုးရ အထူးကိုယ်စားလှယ်၏ စေ့စပ်ညှိနှိုင်းဖြင့် ရခိုင်တပ်တော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း တရားဝင်သဘောတူညီထားချက်မဟုတ်ကြောင်း၊ အချိန်မရွေး တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်၍ စိုးရိမ်ကြောင်း ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားများက ပြောဆိုကြသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်နိုင်ငံရေးသမားများကို ဆက်သွယ်မေးမြန်းထားပါသည်။
ဦးဖေသန်း၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
===========================================
"အဲဒါ အရင်ကလည်း မပါခဲ့ဘူးလေ အခုလည်း အရင်အတိုင်းပေါ့။ ဘာလို့ဆိုတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ချက်ဆိုတာက ပယ်မှမပယ်ဖျက်သေးတာ နောက်တစ်ခုက AA နဲ့တပ်မတော်ကြားမှာ ရပ်စဲထားတယ်ဆိုတာ ၂ဦးသဘောတူ ရပ်စဲထားတာမဟုတ်ဘူး။ On Paper မဟုတ်ဘူး။
သူတို့တောင်းဆိုချက်တစ်ခုအပေါ်မှာ နားလည်မှုနဲ့ စစ်ရေးကို အရှိန်လျော့ချလိုက်တဲ့ သဘောပဲရှိတယ်။ စစ်ရေးကို မတိုက်ပါဘူးဆိုတဲ့ Agreement နဲ့ အဲလိုပုံစံမျိုးမဟုတ်ဘူး။ နားလည်မှုနဲ့ သူတို့စစ်ပွဲတွေကို လောလောဆယ် ရပ်စဲနေတဲ့ သဘောပဲဖြစ်တယ်။
ဒါကြောင့် ကျွန်တော်တို့က အခု သူတို့ရပ်စဲထားတာ နားလည်မှုဖြစ်တဲ့အတွက် အချိန်မရွေး စစ်ပွဲတွေက ပြန်ဖြစ်လာနိုင်တယ်လို့ သုံးသပ်တယ်လေ ဒါကြောင့် တပ်မတော်ရဲ့ သဘောထားကတော့ အရင်အတိုင်းရပ်တည်ထားတယ်လို့ပဲ သဘောပေါက်တယ်။
လောလောဆယ် ပြည်သူတွေကတော့ လိုချင်တာပါ့။ AAနဲ့ တပ်မတော်ကြားမှာ အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ သဘောတော့မဟုတ်ပါဘူး။ ရပ်တန့်ထားတဲ့ပေါ့။ သူတို့တစ်ဖက်နဲ့တစ်ဖက် မတိုက်ဘူးဆိုတဲ့သဘောပဲရှိတယ်။ အဲဒါကို အာမခံချက် Agreement တစ်ခုအနေနဲ့ ကျွန်တော်တို့ စဉ်းစားလို့မရဘူး။ ဒါကြောင့်လည်း သူတို့ဘက်က နဂိုကြေညာချက်အတိုင်းပဲ ရက်ကို ထပ်ပြီးတော့ တိုးတဲ့သဘောပဲလို့ ကျွန်တော်မြင်တယ်။
ထိတွေ့တိုက်ပွဲဆိုတာကတော့ အချိန်မရွေးဖြစ်လာနိုင်တယ်။ ဒါပေမယ့် သူတို့က မထိတွေ့အောင်နေရင်တော့ ယာယီအားဖြင့်တော့ တိုက်ပွဲတွေအေးဆေးမှာပေါ့။ ဒါပေမယ့် တပ်တွေကို လှုပ်ရှားမယ် ဟိုပြောင်း ဒီပြောင်းလုပ်မယ်ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။
ဒါပေမယ့် အခုအချိန်မှာတော့ နှစ်ဖက်စလုံးက ဒီလိုဖြစ်စေချင်တဲ့ စိတ်မရှိတဲ့အတွက် သူတို့ဘက်က ငြိမ်ငြိမ်သက်သက်လေးပဲ နားလည်မှုတစ်ခုနဲ့ လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့တောင်းဆိုချက်ပေါ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ တောင်းဆိုချက်ပေါ်မှာ သဘောတူညီခြင်းပဲဖြစ်တယ်။
သူတို့အနေနဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ သဘောတူတာမဟုတ်ဘူး။ ဒါအချိန်မရွေးဖြစ်လာနိုင်တယ်ပေါ့။ စစ်ရေးအကျပ်အတည်း နိုင်ငံရေးအကျပ်အတည်ပေါ်မူတည်ပြီးတော့ ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ခရီးကို မရောက်ဘူးဆိုရင် သူတို့အနေနဲ့တော့ တစ်နေ့မဟုတ်တစ်နေ့ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာပဲ။ စိတ်မချရဘူးပေါ့။
အခုဟာက သူတို့စိတ်ခံစားမှုတွေက နည်းနည်းဖြေလျှော့ထားခြင်းပဲဖြစ်တယ်။ ဒါလုံးဝသဘောတူပါတယ်။ တိုက်ပွဲတွေ မတိုက်တော့ဘူးဆိုတဲ့ Agreement မဟုတ်ဘူး။ နှစ်ဖက်အချိန်မရွေး ထပ်ဖြစ်လာနိုင်တယ်ပေါ့။
တပ်မတော်ဘက်ကလည်း အစိုးရက ဒါအကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အခါမှာ သူတို့ တိုက်ရိုက်ဆက်သွယ်လို့မရဘူးဆိုတဲ့ အကြောင်းပြချက်တွေ ဝင်ရောက်ဆွေးနွေးဖို့အတွက် AAကို တိုက်ရိုက်ဆက်သွယ်ဖို့အတွက် အခွင့်အရေးမရှိဘူးဆိုတဲ့ ဟာမျိုးပြောတာပဲ။
ဒါကတော့ တကယ်တမ်း ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်ဆိုရင်တော့ ဘယ်သူကတာဝန်ခံဆွေးနွေးမှာလဲ။ NRPC ကကော အကြမ်းဖက်အဖွဲ့အစည်းကို ဆွေးနွေးရဲလား။ အဲတာတော့ ကျွန်တော်မပြောတတ်ဘူး။ အကြမ်းဖက်အဖွဲ့အစည်းက ဖြေလျော့ပေးမှသာလျှင် ရှေ့ကိုအကုန်လုံး အေးဆေးသွားမှာပေါ့။
ဒါပေမယ့် သူတို့ဖက်က အမတ် ၃ယောက် ဖမ်းထားတဲ့ကိစ္စနဲ့ အဲတာတွေကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဟိုဖက်ကလည်း သူတို့လူတွေဖမ်းထားတယ်ဆိုပြီး အပြန်အလှန်စွပ်စွဲပြီးတော့ အဲဒီခရီးတော့မရောက်သေးဘူး။ အဲဒီခရီးကို ရောက်ဖို့အတွက်တော့အတွက်တော့ တစ်ဖက်နဲ့တစ်ဖက် အထောက်အကူပြုမယ့် လုပ်ရပ်တွေကို နှစ်ဖက်စလုံးက အပြုသဘောနဲ့လုပ်လာမယ်ဆိုရင်တော့ ဒါကလည်း အစိုးရဖက်ကလည်း တချိန်ချိန်ကျရင် သူတို့က ဒါကို ရုပ်သိမ်းပေးမယ်ဆိုတာပေါ့။ ဒါပေမယ့် အဲဒီအဆင့်ထိမရောက်ခင် သဘောတူညီချက် တိတိကျကျမရှိခင် တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုတော့ကျွန်တော်တို့စိုးရိမ်တာပေါ့။"
ဦးစံကျော်လှ၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ
===================================
"တပ်မတော်အနေနဲ့ AA အဖွဲ့နဲ့ တရားဝင် အပစ်အခတ်ရပ်စဲဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ AA ကိုအကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပေးဖို့လိုတယ်"
ဒေါ်ခင်စောဝေ၊ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
====================================================
"နိုင်ငံတော်က အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့များရှိတဲ့ နေရာမှအပ ကျန်နယ်မြေများတွင် ဒီဇင်ဘာ ၃၁ရက် နေ့ထိ ထပ်မံတိုးမြှင့် အပစ်အခတ်ရပ်ဆိုင်း ပေးသွားမယ်ဆိုပြီး ကြေညာချက်မှာ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းဆိုတာကို ပယ်ဖျက်ပေးဖို့လိုအပ်နေပါတယ်။
ဒါမှလည်း ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းတစ်ခု ဖြစ်လာဖို့ရှိပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် လိုအပ်ချက်တွေကို သူတို့နိုင်ငံရေး စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ပြီးမှ တိုက်ပွဲတွေရပ်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးကို ရှေ့သို့ သွားနိုင်မှာဖြစ်တယ်။
နိုဝင်ဘာ ၁၂ရက်နေ့က AA တပ်တော်က ကျန်ရှိသောနေရာတွေမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုချက် ကြေညာချက် ထုတ်လာတာကို တပ်မတော်ကလည်း ကြိုဆိုထားပါတယ်။ အဲဒီနေ့ကထိပြီး ဒီနေ့ချိန်ထိ ဆရာမတို့ မဲဆန္ဒနယ် အပါအဝင် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေအားလုံး တိုက်ပွဲတွေ ရပ်နေပါတယ်။ ဒါကိုကြည့်ရင် တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရသွားတယ်လို့ မြင်မိပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေကို ပြန်လည်ကျင်းပပေးဖို့ ဂျပန်အစိုးရ ရွေးကောက်ပွဲ ကိုယ်စားလှယ် (မစ္စတာ ဆာဆာကာဝါ)ကလည်း ဝင်ရောက်ဆောင်ရွက် ပေးနေတာရှိပါတယ်။ ရွေးကောက်ပွဲကတဆင့် အပစ်ခတ်ရပ်စဲရေး ယင်းမှ တဆင့် ငြိမ်းချမ်းရေးကို လမ်းစတွေ့လာလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ကတော့ အစိုးရနဲ့ UEC အပေါ်မှာ မူတည်နေတယ်လို့ ပြောချင်ပါတယ်"
ဦးခင်မောင်လတ် ၊ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
===================================================
"နဂိုအတိုင်းပဲပေါ့။ တပ်မတော်က အရင်ထုတ်တဲ့ဟာ အတိုင်းပဲ ဒါပေမယ့်အခုအနေ အထားမှာ အခုအခြေအနေက အကောင်းဖက်ကို ငြိမ်းချမ်းတဲ့ဖက်ကို ဦးတည်နေတဲ့ကာလဆိုတော့ ရွေးကောက်ပွဲလုပ်ပေးဖို့အတွက်လည်း ဦးတည်နေတယ်။ ထောက်ခံပြောဆိုနေကျတယ်ဆိုတော့ ဒီအချိန်မှာ အမှန်က ရေခိုင်ပြည်နယ်လည်း ထည့်ပေးလိုက်ဖို့ကောင်းတယ်။
ဒီတစ်ဖက်သက် အပစ်ခတ်မလုပ်ဘူးဆိုတဲ့ အထဲမှာ အဲလိုဆိုရင်တော့ သံသယတွေကို ပယ်ဖျောက်လို့ရတာပေါ့။ ငြိမ်းချမ်းရေးအတွက် အထောက်အကူပေးတယ်။ ယုံကြည်မှုပိုပြီးတော့ ကောင်းလာမယ်။ အဲလိုဖြစ်သင့်တယ်။
အဓိကအကြောင်းအရင်းမဟုတ်တာထက် အဓိကအတားအဆီးပဲ အကြမ်းဖက်ဖြစ်တဲ့အတွက် မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့နဲ့ စကားပြောလို့မရတော့ဘူး။ အဲဒီကတစ်ဆင့် FPNCC နဲ့လည်း စကားပြောလို့မရတော့ဘူး။ အဲလိုဖြစ်နေတယ်။ AA ကအဓိကဖြစ်နေတာပေါ့။
အစိုးရကော တပ်မတော်ကော နှစ်ခုလုံးပါပဲ။ အစိုးရနဲ့ တပ်မတော်ဖက်က တောင်းဆိုထားတာလည်းရှိတယ်လေ ဒီအကြမ်းဖက်အဖွဲ့သတ်မှတ်တာက ပယ်ဖျက်ပေးဖို့ဆိုရင် လုပ်ရပ်တွေကောင်းရမယ်။ တိုးတက်မှုတွေရှိရမယ်။ အဲဒီလိုတော့ တောင်းဆိုထားတဲ့သဘောတော့ရှိတယ်။
ပြည်သူလူထုကတော့ သိပ်မသိဘူး (တပ်မတော် အပစ်ရပ်ကြေညာချက်တွင် ရခိုင်ဒေသ ပါဝင်ခြင်းမရှိသည့်အပေါ်)။ ဒီမှာအင်တာနက်မရှိဘူး။ သတင်းစာတွေလည်းမရောက်ဘူး။ သိပ်တော့မသိဘူး။ သိပ်ထူးထူးကဲကဲကြီးတော့မခံစားရဘူး။
ဒါပေမယ့် မြို့ပေါ်နဲ့ နိုင်ငံရေးလေ့လာသူ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ နည်းနည်းစိတ်မကောင်းဘူး။ တိုးတက်မှုတစ်စုံတစ်ရာ ဖြစ်ထွန်းမှုကောင်းတယ်။ အကုန်လုံး ငြိမ်းချမ်းရေးဖက်ဦးတည်နေတဲ့ကာလမှာလေ ဒါပေမယ့် အခုက Bilateral လည်း မထိုးထားဘူးဆိုတော့ အချိန်မရွေးကဖြစ်သွားနိုင်တယ် (တိုက်ပွဲ)။
မြန်မာနိုင်ငံမှာ သိပ်မဆန်းဘူးလေ NCA ထိုးထားတဲ့အဖွဲ့တောင် ခဏခဏဖြစ်နေတာပဲ ဒါပေမယ့် ထူးခြားတာကတော့ အခု တစ်လနီးပါးလောက်ရှိလာပြီ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သေနတ်သံတွေမကြားတာပေါ့။ ကြာပြီ။
ဒီမှာကျတော့ ကရင်တို့ ကချင်တို့ ရှမ်းတို့နဲ့ မတူဘူး။ ဒီမှာက နှစ်ဖွဲ့ပဲရှိတယ်ဆိုတော့ အပေါ် ကအမိန့်တော့ နာခံတဲ့သဘောတော့ရှိတယ်။ အောက်ခြေကလေ နာခံတဲ့သဘောပါပဲ အောက်ခြေမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပစ်တာခတ်တာတော့မရှိဘူး။ ရန်လိုရန်ဆောင်တာတော့ သိပ်မတွေ့ရဘူး။ "
https://www.facebook.com/khitthitnews/posts/1077773379326674?__cft__[0]=AZXvFQoIhtaBvIYnsOz_S6q-B4DYXOHhwqxymt8TQrSxkQEz7K6O1wxDBNhoODPsUPb5E_msRuGuTzZYhsYWNZcAJD4l6__G5NoXN95OB4GR4Paa8Gn6LzpUcp6xUWyYizqyXZsXy2aNjAahQ1w1HQJp&__tn__=%2CO%2CP-R
No comments:
Post a Comment