နေရပ်ပြန်မည့် စစ်ရှောင်များ တိုက်ပွဲ ပြန်ဖြစ်မည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
နေရပ်ပြန်မည့် ကချင်ပြည်နယ် ဒဘတ်ယန် ကျေးရွာမှ ဒေသခံများက တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ဝိုင်းဝန်းလုပ်ဆောင်ပေးရန် တောင်းဆိုလိုက်သည်။
တိုက်ပွဲများကြောင့် အသက် ၁၁ အရွယ်တွင် စစ်ဘေးရှောင်ခဲ့ရသည့် ဒဘတ်ယန်ကျေးရွာမှ လူငယ် မယော် နန်က “စစ်တွေဘာတွေ အဲလိုမျိုး ကြောက်စရာမလိုအောင်ပေါ့နော လူငယ်တွေကို ဘေးကင်း လုံခြုံအောင် နေထိုင်အောင် အဲလိုမျိုး တောင်းဆိုချင်တယ်” ဟု ပြောသည်။
ထို့အပြင် ဘေးကင်း လုံခြုံစွာ နေထိုင်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာအစိုးရမှ တာဝန်ယူပေးရန် လိုအပ်သည် ဟု စစ်ရှောင်များက ပြောသည်။
နေရပ်ရင်းတွင် ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရန်အတွက် ဦးဂမ်မိုင်လကလည်း “ကျနော်တို့ ဒီကို စစ်ရှောင်တွေ ပြန်လာနေရတဲ့ အချိန်မှာ နှစ်ဖက်စလုံး အစိုးရ ငြိမ်းချမ်းစေချင်တယ်” ဟု ပြောသည်။
ကျေးရွာသို့ ပြန်လည်နေထိုင်သည့်အချိန်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာပါက ထပ်မံထွက်ပြေးတိမ်း ရှောင်ရမည်ကို စိုးရိမ်ကြောင်းနှင့် အဖက်ဖက်မှ ခက်ခဲမှုကို ဖြစ်ပေါ်လာနိုင်သည့်အတွက် ငြိမ်းချမ်းရေး ရ အောင် လုပ်ဆောင်ပေးရန် အစိုးရသစ်နှင့် သက်ဆိုင် ရာ အဖွဲ့အစည်းများကို တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။
ဒဘတ်ယန် ဒေသခံများ အနေဖြင့် ၎င်းတို့၏ မွေးရပ်မြေ မူလနေရပ်ရင်းသို့ ပြန်လည်နေထိုင်ရမည့်အပေါ် ပျော်ရွှင်နေသော်လည်း ကျေးရွာအတွင်း နေထိုင်ရင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည် ဟု ဆိုသည်။
မယော်နန်က “နေ့မှာဆိုရင်တော့ မြင်ရတယ် သွားမယ်ဆိုရင် လွယ်တယ်။ ညမှာဆိုရင် မိုးချုပ်တယ်။ အခု က ဒီမှာက လိုင်းမီးတွေ မရှိဘူးပေါ့။ မနေ့ညက ဆို မီးစက်နိုးတယ်။ အဲလိုမျိုး နည်းနည်းမြင်ရတယ်ပေါ့။ ဒါ ပေမယ့် အဲလိုမျိုး ညမှာ သေနတ်သံတွေ ဘာတွေ ပြန်ကြားရမှာ အဲလိုမျိုးထိတ်လန့်နေတယ်လို့။ ကြောက် နေတယ်လို့ အဲလိုမျိုး” ဟုပြောသည်။
တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အပြင် ဒေသအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အန္တ ရာယ်များကိုလည်း စိုးရိမ်မှု ရှိသည်ဟု မဒေါင်နော က ပြောသည်။
၎င်းက “တိုက်ပွဲတွေ ဖြစ်မှာကိုလည်း စိုးတော့စိုးရိမ်တယ်။ ဒါပေမယ့် အခုကတော့ ကိုယ်တို့ရွာမှာ လာနေနေ တယ် ဆို တော့ စစ်တပ်တွေက ဘာလုပ်လာမလဲ ဘယ်လူကြီးတွေက ဘာလုပ်လာမလဲ ဆိုတာကိုတော့ စိတ်ထဲမှာတော့ အဲလိုမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။
လူငယ်အမှုတော်ဆောင် ဆရာလရှီဆမ်အောင်ကလည်း “ကျနော်တို့ လူငယ်တွေလည်း စိုးရိမ်တာတော့ ရှိပါတယ်။ ကျနော်တို့က ဒီရွာဆိုတော့ အစိုးရတွေလည်း ရှိတယ်လေ။ အစိုးရတွေ ရှိတဲ့အချိန်ကျတော့ တချို့လူငယ်တွေက စိုးရိမ်တာပေါ့ ဘယ်အချိန်မှာ လာခေါ် သွားမလဲပေါ့။ ကျနော်တို့ လူငယ်တွေကို ဥက္ကဋ္ဌ တွေ အတွင်းရေးမှူးတွေက ပြောထားတာတော့မလိုဘူး အဲလိုမျိုး မရှိဘူးပေါ့။ ဒါပေမယ့် နောက်နှစ်ပြန် လာမယ့် နှစ်ပေါ့ အဲဒီအချိန်မှာတော့ ဘယ်လိုဖြစ်လာမလဲပေါ့” ဟု ပြောသည်။
ထို့ကြောင့် နေရပ်ရင်းသို့ ပြန်ရောက်လာသည့်အချိန်တွင် ငြိမ်းချမ်းလွတ်လပ်စွာနှင့် ကောင်းမွန်စွာ နေထိုင် ခွင့်ပေးရန် ဒေသတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ဒေသခံများက တောင်းဆိုသည်။
မဒေါင်နောက “လူငယ်တစ်ယောက်အနေနဲ့တောင်းဆိုချင်တာကတော့ ကျမတို့ ဒီရွာမှာ လာနေရင် စစ် တပ်လည်း ဒုက္ခမပေး ဘယ်ဖက်ကမဆို အဖက်ဖက်ကပေါ့ ဒုက္ခမပေးပဲနဲ့ လာနေရမယ်ဆိုရင် ကျတော့ ကျမတို့က ဝမ်းသာမိမှာပါ” ဟုပြောသည်။
ဒဘတ်ယန်ကျေးရွာသာမက ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များ နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော်၊ ကချင်လွတ် လပ်ရေးအဖွဲ့ KIO နှင့် ကချင် ဒေသ စစ် ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC တို့က ညှိနှိုင်းးလုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ဒေသအသီးသီးသို့ ရောက်ရှိနေသည့် ဒဘတ်ယန်ကျေးရွာမှ စစ် ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စု စာရင်း ကောက် ယူခြင်း၊ မြေနေရာ စီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတော်မှလည်း အဆိုပါကျေးရွာအား မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင်လျက် ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC က ပြောသည်။
ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ၏ Video Conferencing ဆွေးနွေးမှုတွင် ကချင်စစ်ရှောင် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး သဘောထားရရှိခဲ့သည်ဟု KHCC က ပြောသည်။
ဒဘတ်ယန်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ကျေး ရွာ ဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများမှာ တိုက်ပွဲများကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင် စခန်း များတွင် နေထိုင်နေရသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိလာပြီ ဖြစ်သည်။
ဒဘတ်ယန်ကျေးရွာ ဝန်းကျင် တဝိုက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင် ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားရာ၊ တပ်မတော်၏ ထုတ်ပြန်ချက် အရ ဒဘတ်ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ စာသင် ကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁ ခု နှင့် ကျေးရွာ အဝင် အထွက်လမ်းများကို ရှင်းလင်းခဲ့ရာ တိုက်မိုင်းကိုယ်ထည် ၁၀ လုံး ဖော်ထုတ်ခဲ့သည်ဟု သိရသည်။
မိုင်း ရှင်းလင်းမှုမှာ ရွာပတ်ဝန်းကျင်ကိုသာ ရှင်းလင်းထားပြီး စစ်ရှောင်များ၏ တောင်ယာနှင့် လမ်း စသည့် နေရာများကိုတော့ မရှင်းလင်းရသေးဘူးဟု သိရသည်။
http://www.nmg-news.com/2020/12/30/12644
No comments:
Post a Comment