တပ်မတော်အနေနှင့် ရခိုင်ပြည်နယ်တွင် စစ်အင်အားဖြည့်တင်းမှုမရှိကြောင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ခိုက်မှုမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် စစ်ပွဲများ တိုက်ခိုက်မှုမရှိဘဲ ရပ်နားထားပြီး တပ်မတော် နှင့် AA တို့အကြား ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးကို အဓိကထားဆွေးနွေးခဲ့သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း AA လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အောက်ခြေအဆင့်ဆွေးနွေးမှုများ ရှိပါတယ်။ ဆွေးနွေးတဲ့နေရာမှာ အဓိကရည်မှန်းပြီး ဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်စေတဲ့ အခြေအနေအထိပဲ ဆွေးနွေးခဲ့တာဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ AA အနေနဲ့ ဒီဇင်ဘာလကုန်မှာ ရွေးကောက်ပွဲလုပ်ပေးဖို့ ဆန္ဒရှိတဲ့အကြောင်း၊ ဒါကိုလည်း တပ်မတော်အနေနဲ့ ကြိုဆိုကြောင်း ပြောခဲ့တယ်။ အဲဒီနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက်ဖြစ်တယ်။ အခုချိန်အထိလည်း မရှိပါဘူး" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မွန်းလွဲ ၁ နာရီခန့်က တပ်မတော်စစ်သမိုင်းပြတိုက်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းဖြေဆိုခဲ့ခြင်းဖြစ်သည်။
"ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ စစ်အင်အားဖြည့်တင်းတာမရှိဘူးလို့ပဲ ပြောချင်တယ်။ စစ်အင်အားဖြည့်တင်းတာ ရှိတယ်ဆိုရင် ဘာအထောက်အထားအရ ပြောတာလည်းဆိုတာ ထပ်ပြီးမေးချင်တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နိုင်လား၊ ဆက်မဖြစ်နိုင်ဘူးလားဆိုတာကတော့ နှစ်ဖက်လုံးပေါ်မှာ မူတည်လိမ့်မယ်လို့ ပြောလိုတယ်။ နှစ်ဖက်လုံးရဲ့ ဆက်လက်စောင့်ထိန်း၊ စောင့်စည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် စစ်ပွဲရပ်နားထားသည်မှာ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမတိုင်မီက စတင်ပြီး ယနေ့ အချိန်အထိ နှစ်လခန့်ရှိပြီဖြစ်သည်။
AA အဖွဲ့နှင့် ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးမှုသည် အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ထားသည့်အတွက် စောဒကတက်စရာရှိကြောင်း၊ ယခင်အစိုးရ လက်ထက်အဆက်ဆက်တွင်လည်း ယခုကဲ့သို့ ဆွေးနွေးပြီးမှသာ ပယ်ဖျက်ခဲ့သည့် သာဓကများရှိကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တပ်မတော်နှင့် သီးခြားဆွေးနွေးရခြင်း၊ အစိုးရအနေဖြင့် သီးခြားဆွေးနွေးရခြင်း၊ အစိုးရလည်းမဟုတ်၊ တပ်မတော်လည်းမဟုတ် ကြားခံအဖွဲ့ အစည်းများမှ သီးခြားဆွေးနွေးရခြင်းများရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် တပ်မတော်အနေဖြင့် လက်ရှိတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိသည့်နေရာများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့က ကချင်ပြည်နယ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) ဥက္ကဋ္ဌနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
http://thevoicemyanmar.com/index.php/news/45245-kau
No comments:
Post a Comment