Wednesday, December 30, 2020

ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မတော်ကို ဒေသခံ ကရင်တိုင်းရင်းသား ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ

 ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မတော်ကို ဒေသခံ ကရင်တိုင်းရင်းသား ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် တပ်မတော်က တပ်စခန်းများ ၊ အင်အားများ တိုးချဲ့ခြင်း၊ ဒရုန်းဖြင့် ထောက်လှမ်းခြင်း၊ လမ်းဖောက်ခြင်းအပါအဝင် တပ်မတော်၏ လုပ်ရပ်များကို ဒေသခံ ထောင်ပေါင်းများစွာက ယနေ့ ချီတက်ဆန္ဒပြကြောင်း ကရင်လူငယ်ကွန်ရက်မှ စောကျော်လင်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖာပွန်မြို့နယ်အတွင်းတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ လူထောင်ချီ ဆန္ဒပြနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိလည်း ဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ အဓိက အားဖြင့် KNU တပ်မဟာ ၅ နယ်မြေအတွင်းတင်းမာမှုများဖြစ်ပွားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ကရင်လူငယ်ကွန်ရက်မှ စောကျော်လင်းဦး"လောလောဆယ်ရထားတဲ့သတင်းအရတော့ လူအင်အားထောင်ကျော်တယ် ဆန္ဒပြတာ။ နေရာက ဖာပွန်မြို့နယ်ထဲမှာ သူတို့အခေါ်ကျတော့ ဖာပွန်ခရိုင် လူတောမြို့နယ်ထဲမှာ ဆန္ဒပြနေတာပါ။ နယ်မြေထဲမှာ အစိုးရတပ်မတော်က လမ်းဖောက်တာတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာတို့ တပ်စခန်းတိုးချဲ့တာတို့ ပြည်သူလူထုတွေနေတဲ့ နေရာအနီးမှာ စခန်းချတာတို့ တပ်အင်အား တိုးချဲ့တာတို့ လုပ်တာ အဓိကပေါ့။ စစ်ရေးအရ ပြည်သူလူထုတွေကိုပဲ ပြောပြော KNU ကိုပဲ ပြောပြော ဒရုန်းနဲ့ ထောက်လှမ်းတာတို့ အဲဒီကိစ္စတွေ။ တပ်မတော်ကို ဆန္ဒပြတာပါ။ ဒီဘက်ရဲ့ အသုံးအနှုန်းက ပြောရမယ်ဆိုရင် ဖာပွန်မြို့နယ်ထဲမှာတော့ KNU တပ်မဟာ ၅ နယ်မြေထဲမှာပေါ့။ အခု မနက် ၉ နာရီကတည်းက လုပ်နေတာ။ အခုအချိန်အထိလည်း ရှိနေတုန်းပဲ" ဟု စောကျော်လင်းဦးက ရှင်းပြသည်။
လက်ရှိအခြေအနေတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ပစ်ခတ်မှုများနှင့် တင်းမာမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။
"ပြည်သူတွေက စစ်ရဲ့ဒဏ်ကို အဓိက ခံနေရတဲ့ပြည်သူတွေ ဖြစ်တဲ့အခါကျတော့ ပြန်ပြီးတော့ ထပ်ဖြစ်မှာကိုပဲ စိုးရိမ်ကြတယ်။ ဖြစ်လာပြီဆိုရင် တိုက်ပွဲဖြစ်လာပြီဆိုရင် နှစ်ဖက် စစ်သားတိုက်တာက တစ်ကဏ္ဍ အရပ်သားပြည်သူတွေ ထိခိုက်တာဆိုတော့ စိုးရိမ်ကြောက်လန့်တဲ့ အနေအထားပါ" ဟု စောကျော်လင်းဦးက ဆိုသည်။
KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU တို့အကြား NCA အပစ်ရပ်စာချုပ် သဘောတူညီချက်များ ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲပြစ်တင်လျက်ရှိနေသည်။

https://www.facebook.com/khitthitnews/posts/1097253034045375?__cft__[0]=AZWYKyGtKZdJO3kxOH9GDbLLsGieYsX3b6BoF3Uw6XlvfW6KaBv1h3DxR-wCeoAGGk-l-kOIvLxkZTKvwzCd_KhdYzW7mAymkZhPYQLxxLCR_mirX9f3YOTMx86MicfCHlXFLx7Q2wX7czMBHFcgPuHk&__tn__=%2CO%2CP-R

No comments:

Post a Comment