Wednesday, December 30, 2020

ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၂၁ဦး ကို တပ်မတော်က ဖမ်းဆီးသည်ဟု တစ် ဖက်သတ် စွပ်စွဲလို့မရဘဲ ဖြစ်စဉ်ကိုပင် သေချာ မသိသေးဟုဆို

 ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၂၁ဦး ကို တပ်မတော်က ဖမ်းဆီးသည်ဟု တစ် ဖက်သတ် စွပ်စွဲလို့မရဘဲ ဖြစ်စဉ်ကိုပင် သေချာ မသိသေးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ ကျေးရွာသား ၂၁ဦး ဖမ်းဆီးခံရပြီး တစ်နှစ်နီးပါးကြာပျောက်ဆုံးနေသော ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်က ဖမ်းဆီးသွားသည်ဟု တစ်ဖက်သတ် စွပ်စွဲ၍မရဘဲ ထိုဖြစ်စဉ်ကို မသိရှိသေးကြောင်း ဒီဇင်ဘာလ ၃ဝရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောဆိုသည်။
“ ကျွန်တော်ပြောတာသည် တပ်အနေနဲ့ ဖမ်းထားတာဆီးထားတာမရှိဘူးလို့လည်း ကျွန်တော်မပြောဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိကို မသိသေးသာ သိကိုမသိသေးတာဖြစ်တဲ့အတွက်ကြောင့် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့် လမ်းကြောင်းတွေရှိတယ်။ ပြောနိုင်တဲ့လမ်းကြောင်းတွေရှိတယ်။ အဲအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားနိုင်မယ့် နေရာတွေပြောနိုင်မယ့်နေရာတွေ အားလုံးကို လွတ်လပ်စွာ တိုင်ကြားပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်” ဟု ၎င်းကပြောဆိုသည်။
ထိုကျေးရွာသားများ ဖမ်းဆီးခံရသည့်အချိန်တွင် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ရှုပ်ထွေးနေသည့် ကာလဖြစ်ပြီး တပ်မတော်က ဖမ်းဆီးသည်ဟု တစ်ဖက်သတ်စွပ်စွဲ၍ မရကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆက်လက်ပြောဆိုသည်။
“ အဲခေတ်ကာလတုန်းကတော့ အဲဖက်မှာ အခြေအနေရှုပ်ထွေးပါတယ်။ ခုနပြောသလို တပ်ကနေဖမ်းသွားတယ်လို့ တစ်ဖက်သတ် စွတ်စွဲလို့လည်းမရပါဘူး။ တစ်ဖက်သတ် စွတ်စွဲလို့မရဘူး။ အဲမှာလည်း ဖြစ်ပျက်နေတဲ့ လူသတ်မှုတွေ လူသေမှုတွေ အဲမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာလည်း မီဒီယာတွေလည်း သိပြီးဖြစ်မယ်။ ဈေးလယ်ခေါင်တောင်မှပဲ ခေါင်းဖြတ်သတ်ခံရတဲ့ ဖြစ်စဉ်မျိုးတွေရှိခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ကျွန်တော်ပြောသလိုပဲ တိုင်းစစ်ဌာနချုပ်မှာပဲဖြစ်ဖြစ် တပ်နယ်မှာပဲဖြစ်ဖြစ် တိုင်ကြားလို့ရတယ်လို့ ကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်။ တိုင်လည်းတိုင်ကြားလို့ရပါတယ်။ တိုင်လည်းတိုင်ကြားနေတဲ့ ဟာတွေလည်းရှိပါတယ်။ ရဲစခန်းမှာ အမှုဖွင့်တာမှမဟုတ်ဘူး။ တိုင်လည်းတိုင်ကြားနေတယ်။ ကျွန်တော်တို့မြင်တာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တိုင်တာပဲ ဒီဖက်မှာ တိုင်ကြားနေတာတွေက မျိုးစုံပေါ့။ သူတို့ရဲ့တွေ့ရှိချက်တွေ ထင်မြင်ယူဆချက်တွေ တိုင်ကြားနေတာရှိပါတယ်။ ဒီလမ်းကြောင်းတစ်ကြောင်းထဲမှာ ရှိတာမဟုတ်ပါဘူး။ လမ်းကြောင်းများစွာရှိပါတယ်” ဟု ၎င်းကပြောဆိုသည်။
၂ဝ၂ဝခုနှစ်၊ မတ်လ ၁၃ရက်နေ့တွင် တင်းမကျေးရွာသစ်မှ ရွာသူရွာသား ၈ဦးနှင့် မတ်လ ၁၆ရက်နေ့တွင် တင်းမကြီးကျေးရွာမှ ရွာသူရွာသား ၁ဝဦးတို့ကို နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် တင်းမကျေးရွာအနီး တောင်ရှည်တောင်တွင် တပ်စွဲထားသော တပ်မတော်သားများက ရိုက်နက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အလားတူ မတ်လ ၂ဝရက်နေ့တွင် ကျေးရွာသူကျေးရွာသားများ ရွာကိုစွန့်ခွာသွားသည့်အချိန်တွင် ရွာဦးဘုန်းတော်ကြီးကျောင်းစောင့်ရန် ချန်ထားခဲ့သူ ရွားသား ၃ဦးကိုလည်း တပ်မတော်သားများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း၊ စုစုပေါင်း ၂၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း တင်းမကျေးရွာသားများ၏ ပြောဆိုချက်အရသိရသည်။

https://www.facebook.com/khitthitnews/posts/1097791060658239?__cft__[0]=AZXr6jT41lP_ZMHKNsLyntvj6p5SraX4QZwnppo9F01iNp2eAOsUi-WSZsTKwBoPoMmfPfnUe73cXRSU6QEv3unMtPj2TGf2ZuRtp88Udiv048OdsPnzl4-425ILnG26-cnEAp8d59Bkkf_xAiMDQDfo&__tn__=%2CO%2CP-R

No comments:

Post a Comment