မန္တလေးတိုင်း မိုးကုတ်မြို့ဒေသခံများထံ လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဖုန်းဖြင့် ဖြစ်စေ၊စာဖြင့် ဖြစ်စေ ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ပြုလုပ်နေဆဲဖြစ်ကြောင်းနှင့် ယင်းသို့ မပြုလုပ်ရန်အတွက် တိုင်းအစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် မိုးကုတ်ဒေသခံများကို အားပေး နှစ်သိမ့်ရန် ဖိတ်ခေါ်ကြောင်း မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် မိုးကုတ်မြို့ မုံကွင်း၌ ပြုလုပ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ရပ်နှင့် ပတ်သက်၍ မိုးကုတ် ဒေသခံ အရပ်ဖက်အဖွဲ့အစည်း ၁၀ ခုတို့ စုပေါင်း ကန့်ကွက်ရှုတ်ချပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကန့်ကွက် ရှုတ်ချပွဲအား တိုင်းအစိုးရက ခွင့်မပြုခဲ့ဟု ဆိုသည်။
“လက်နက်ကိုင် အဖွဲ့အစည်းကို ဆန့်ကျင်ရတာ လွယ်တာ မဟုတ်ဘူး။ ကိုယ့်အသက်နဲ့ ရင်းပြီးလုပ်ကြရတာ။ သူတို့ တောင်းတာမရရင် ဗုံးနဲ့ပစ်မယ်၊ သတ်မယ် ခြိမ်းခြောက်တယ်။ ဖြစ်ရပ်တွေက စိတ်မချမ်းမြေ့ဘူး။ တိုင်းအစိုးရက ရှုတ်ချပွဲ ကိစ္စကို ကိုဗစ်ကြောင့် မလုပ်ဖို့ တားမြစ်တယ်။ အဲဒီလိုပဲ ကိုဗစ်ရှိလို့ မိုးကုတ်မြို့ကို ဝင်ပြီး သောင်းကျန်းသူတွေလည်း မတောင်းကြပါနဲ့လို့ ညှိနိုင်းပေးစေချင်တယ်”ဟု ၎င်းက သတင်းမီဒီယာများ မေးမြန်းစဉ်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မိုးကုတ်ဒေသခံများမှာ လက်နက်ကိုင် အဖွဲ့အစည်းတချို့က ဖုန်းဖြင့် ဖြစ်စေ၊ စာပို့၍ ဖြစ်စေ၊ ငွေကြေး တောင်းခံခြင်း၊ မိသားစု အသက်အန္တရာယ်ထိ ခြိမ်းခြောက်မှုများ ခံရခြင်းများကို ခံစားနေရသဖြင့် တိုင်းအစိုးရ အဖွဲ့က မိုးကုတ်မြို့သို့ လာရောက်ပြီး နှစ်သိမ့်အားပေးရန် ဖိတ်ခေါ်သည်ဟု ပြောကြားသည်။
“မြို့လုံခြုံမှု မရှိတာ၊ မိသားစုတွေရဲ့ အသက်အိုးအိမ်ကို ဘယ်သူတာဝန်ယူမလဲ။ ခြိမ်းခြောက်မှုတွေ မလုပ်ဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀ ခု ပေါင်းပြီး ကိုယ့်ဟန်နဲ့ ရှုတ်ချပွဲ လုပ်တဲ့ကိစ္စကို တိုင်းအစိုးရက ပိတ်တယ်။ သောင်းကျန်းသူတွေရဲ လုပ်ရပ်ကို ကန့်ကွက်တာ။ ခုလိုမှ ကျွန်တော်တို့ မလုပ်ရင် မြို့က ပျက်တော့မယ်။ ရှိတဲ့သူဌေးတွေက မိုးကုတ်မှ မနေနိုင်တော့ဘူး။ ထွက်ပြေးကုန်ကြပြီ”ဟု ကန့်ကွက်ရှုတ်ချသည့် အဖွဲ့တစ်ခုမှ ဦးစိုးမြင့်က ပြောသည်။
မိုးကုတ် ဒေသခံများမှာ ကျောက်မျက် လုပ်ကွက် သက်တမ်းကုန်ပြီးနောက် ထပ်မံချထားပေးခြင်းမရှိသေးဘဲ ကျောက်မျက်ဥပဒေ အပြောင်းအလဲတွင် အလုပ်အကိုင် မရှိဖြစ်နေကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှု ဒုက္ခများအပြင် လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း လုပ်ရပ်များကြောင့် ကန့်ကွက်ရှုတ်ချ ပွဲပြုလုပ်ရန် လူဦးရေ ၃၀ နှင့် ကိုဗစ် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ပါမည်ဟု ခွင့်ပြုချက် တင်ပြခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က မိုးကုတ်မြို့မှ မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ ၅ ရက်တွင် ကျောက် တစ်လုံးကျေးရွာအုပ်စု၊လယ်ကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့ရာ ပြန်လည်လွတ် မြောက်လာခြင်းမရှိသေးကြောင်းနှင့် နယ်မြေခံတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့အပါအဝင် အုပ်ချုပ်ရေးအဖွဲ့များက နယ်မြေ လုံခြုံရေးဆောင်ရွက်နေကြောင်း သိရသည်။
https://myanmar.mmtimes.com/news/148613.html
No comments:
Post a Comment