Sunday, December 20, 2020

AA နှင့်ဆွေးနွေးမှု တိုးတက်မှုရှိဟု တပ်မတော်ပြော

 ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်မက်ဖြစ်ပွားမှုများ ရပ်ဆိုင်းသွားစေပြီးနောက် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်း(AA) နှင့် တွေ့ဆုံဆွေးနွေးမှုများမှာ တိုးတက်မှုများရရှိနေသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြောသည်။

မြန်မာ့ တပ်မတော်မနေဖြင့် AA နှင့် တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသော ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ နောက်ဆုံး အစည်းအဝေးမှာ ဒီဇင်ဘာ ၉ ရက်က ၀ ထိန်းချုပ်နယ်မြေ ပန်ဆန်းတွင်ဖြစ်သည်။ ဆွေးနွေးပွဲသည် တိုးတက်မှု ရှိခဲ့ပြီး AA အနေဖြင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးကို တပ်မတော်က ရည်ရွယ်နေသည်ဟု တပ်မတော်က ဆိုသည်။

“တိုးတက်မှုတွေရှိတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဆက်လက်မဖြစ်ပွားစေရေး၊ ပဋိပက္ခတွေဆက်မဖြစ်ရေး နဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ပိုမိုတိုးတက်လာရေး ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၌၂ နှစ် နီးပါးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြည်သူများဒုက္ခရောက်ခဲ့ကြပြီး ယခုအချိန်တွင် တိုက်ပွဲများ ရပ်တန့်သွားသည့်အပေါ် ကြိုဆိုရမည့်ကိစ္စဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

“တပ်မတော်အနေနဲ့ ဆက်လက် လုပ်ဆောင်သွားရမယ့် အမြင်မျိုးရှိတယ်။ AA အနေနဲ့လည်း ဒီအမြင်မျိုးရှိတယ်။ ဒေသခံ ပြည်သူလူထုကလည်း တိုးတက်စေချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်နှင့် AA တို့အကြား တွေ့ဆုံဆွေးနွေးမှုများကြောင့် တိုက်ပွဲများ ရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင် ၈ သောင်းဝန်းကျင်သည် ၎င်းတို့၏နေအိမ်များသို့ပြန်လည်သွားရောက်ကာ စပါးရိတ်သိမ်းခြင်းကဲ့သို့သော လယ်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်နေပြီဟု ရခိုင်တိုင်းရင်းသားကွန်ဂရက် (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။သို့သော် အပစ် အခတ်ရပ်စဲမှုမှာ ခိုင်မာသော ကတိကဝတ်မရှိသေး၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေသည် ဟု ၎င်းကဆိုသည်။

နောက်ဆုံးကျင်းပခဲ့သော ပန်ဆန်းအစည်းအဝေးရလဒ်များအရ တပ်မတော်နှင့် AA တို့အကြား အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပေါ်လာရန် အလားအလာရှိသည်ဟု ဆွေးနွေးပွဲနှင့် ဆက်စပ်နေသူတစ်ဦးက မြန်မာတိုင်းမ်ကို ပြောသည်။နောက်ဖြစ်ပေါ်လာမည့် ဆွေးနွေးပွဲတွင် တပ်မတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီခေါင်းဆောင် ဒုတိယဗိုလ် ချုပ်ကြီးရာပြည့် ဦးဆောင်ကာ AA လက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်လိမ့်မည်ဟု ယင်းသတင်း အရင်းအမြစ်က ပြောသည်။

https://myanmar.mmtimes.com/news/148622.html

No comments:

Post a Comment