Thursday, December 24, 2020

တိုက်ပွဲမဖြစ်ပွားစေရေး တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိဟု SSPP ဆို

 ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့အကြား တိုက်ပွဲ မဖြစ်ပွားရေးအတွက် တပ်မတော်နှင့် မကြာခဏတွေ့ဆုံ ဆွေးနွေးမှုများရှိကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင်က ပြောသည်။

SSPP သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကိုလက်မှတ်ထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။၎င်းတို့သည် တပ်မတော်နှင့် ထိတွေ့ပစ်ခတ်မှု မရှိဘဲ ဆက်ဆံရေးကောင်းများတည် ဆောက်ထားနိုင်သည်ဟု SSPP ကဆိုသည်။

''ကျွန်တော်တို့ တိုင်းမှူးနဲ့ မကြာခဏတွေ့ဆုံ ဆွေးနွေးမှုတွေရှိတယ်။အဓိကကတော့ နှစ်ဖက်တပ်တွေတိုက်ပွဲ မဖြစ်ပွားရေးကိုဘဲ ဆွေးနွေးကြတာဖြစ်ပါတယ်''ဟု ဗိုလ်မှူးစိုင်းသန်းအောင်က ပြောသည်။ရှမ်းပြည်တိုးတက်ရေးပါတီ အနေဖြင့် အစိုးရနှင့်ဆွေးနွေးမှုများပြုလုပ်ကာ၎င်း၏ မဟာမိတ်များဖြစ်သည့်'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ မိုင်းလားအဖွဲ့၊ကိုးကန့်အဖွဲ့၊ တအာင်းအဖွဲ့၊ ရခိုင်အဖွဲ့တို့နှင့်အတူတကွ NCA စာချုပ်ကို လက်မှတ်ရေးထိုးရန်ဆန္ဒရှိသည်ဟု ဆိုသည်။

'' NCA နဲ့ပတ်သတ်ပြီး ကျွန်တော်တို့က မြောက်ပိုင်းမဟာမိတ်အစုအဖွဲ့မှာပါတာဖြစ်တဲ့အတွက် မြောက်ပိုင်းအုပ်စုတွေနဲ့ ဆက်သွားမယ်''ဟု ဗိုလ်မှူးစိုင်းသန်းအောင်က ဆိုသည်။လက်ရှိအချိန်အထိ အစိုးရဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ်ရန်ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း၎င်းက ဆက်ပြောသည်။ အစိုးရနှင့်တပ်မတော်တို့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ခပ်မြန်မြန် ပြုလုပ်ရန်ဆန္ဒရှိနေပြီး ဘုံသဘောထားရယူမှုများပြုလုပ်ထားကြောင်းသိရသည်။

ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများပြန်လည်စတင်ရန် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ကို ကမ်းလှမ်းထားသလို NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ကမ်းလှမ်းမှုများ မကြာခင်ပြုလုပ်လိမ့်မည်ဟုအစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

https://myanmar.mmtimes.com/news/148782.html

No comments:

Post a Comment