Wednesday, December 30, 2020

AA ကဖမ်းဆီးထားသည့် အမတ်လောင်း ၃ ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ထပ်မံတောင်းဆို

 


AA ကဖမ်းဆီးထားသည့် အမတ်လောင်း ၃ ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ထပ်မံတောင်းဆို

ဒီဇင်ဘာ ၃၀ ၊ ၂၀၂၀

ရန်ကုန်၊ ဒီဇင်ဘာလ ၃ဝ ရက်

AA (ရခိုင့်တပ်)က ဖမ်းဆီးထားသည့် တောင်ကုတ်မှ NLDပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထပ်မံထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့၏ ယခုကြေညာချက်သည် ပါတီဗဟို၏ သဘောထားပင်ဖြစ်ကြောင်းနှင့် AA အနေဖြင့် အကြမ်းဖက်လုပ်ရပ်ကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများထံ ရောက်ရှိရန် ပိုမိုလမ်းပွင့်လာမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က မဇ္ဈိမကို ပြောသည်။

 “ကျွန်တော်တို့က နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့၊ နိုင်ငံရေးလမ်းစတစ်ခုကို စတင်လုပ်ဆောင်ဖို့ပေါ့။ ကျွန်တော်တို့ကတော့ ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းထားတာဟာ အကြမ်းဖက်လုပ်ရပ်လို့ ရှုမြင်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ရပ်ဆိုင်းလိုက်ပြီး လွှတ်ပေးလိုက်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရောက်သွားဖို့ လမ်းပိုပွင့်သွားမယ်လို့ ကျွန်တော်တို့ ဆိုလိုတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

NLD ပါတီ၏ “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် သဘောထားထုတ်ပြန်ပြီး တိုင်းရင်းသားပါတီများထံ စာပေးပို့ရာတွင်လည်း ရခိုင်အမျိုးသားပါတီနှင့် အရှိုချင်းအမျိုးသားပါတီတို့က သဘောထားပြန်လည်ပေးပို့ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် အောင်မြင်စွာ တည်ဆောက်ပေါ်ထွန်းရေးအတွက် အကောင်းဆုံးအခွင့်အလမ်း အချိန်အခါဖြစ်သည့်အတွက် AA အဖွဲ့အနေဖြင့် လက်လွှတ်ဆုံးရှုံးမခံဘဲ ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြန်လွှတ်ပေးခြင်းဖြင့် “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

လက်ရှိအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး၏ သတင်းတစ်စုံတစ်ရာ ကြားသိရခြင်း မရှိကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။

“ကျန်းမာသလား၊ နေမကောင်းသလား။ ဘယ်လိုဖြစ်နေသလဲ အဆက်အသွယ်ဘာမှ မရဘူးဗျ။ ကျွန်တော်တို့ ပြောချင်တာက အမြန်ဆုံးလွှတ်ပေးပါ။ သူတို့ ကျန်းမာရေးတွေကို ဘာမှ အထိအခိုက် မရှိပါစေနဲ့။ ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မိသားစုတွေလည်း စိတ်ချမ်းသာအောင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

တောင်ကုတ်မြို့နယ် NLD မှ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို AA အဖွဲ့မှ ရွေးကောက်ပွဲမတိုင်မီ ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

NLD ပါတီဝင် သုံးဦးလွတ်မြောက်ရေးအတွက် NLD က တောင်းဆိုနေသည့်နည်းတူ ပုဒ်မအမျိုးမျိုးတပ်၍ အစိုးရက ဖမ်းဆီးထားသည့် ရခိုင်နိုင်ငံရေးသမားများ၊ ရခိုင်ဒေသခံများ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆို ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရန် နိုဝင်ဘာ ၂၁ရက်တွင် AA က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် မိမိတို့ပါတီအနေဖြင့် လိုက်လျောနိုင်မည်မဟုတ်ကြောင်း ဒေါက်တာ မျိုးညွန့်က ပြောသည်။

 “သူတို့ရဲ့ တောင်းဆိုချက်ကတော့ ဓားစာခံဖမ်းဆီးပြီး တောင်းဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် ကျွန်တော်တို့က ဒါကို လုပ်ပေးလို့ မရပါဘူး” ဟု ၎င်းက ပြောသည်။

NLD ပါတီ၏ ယခုထုတ်ပြန်ချက်တွင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သုံးနှုန်းထားခြင်း မရှိကြောင်း တွေ့ရသည်။

https://www.mizzimaburmese.com/article/77013

No comments:

Post a Comment