Wednesday, December 30, 2020

ငြိမ်းချမ်းရေးတိုးတက်လာပါက စစ်မှုထမ်းဥပဒေကို ကျင့်သုံးသင့်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အကောင်အထည်ဖော်သင့်ကြောင်း တပ်မတော်ပြော

 လက်ရှိမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်သေးပေမယ့် အနာဂတ်မှာ ဒီဥပဒေကို ကျင့်သုံးသင့်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုတင်အသိပေးတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်အဖွဲ့က ပြောပါတယ်။


“ယခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကြောင့် ဒီစစ်မှုထမ်းဥပဒေဟာတော့ ကျင့်သုံးဖို့အတွက် အခုလောလောဆယ်မှာတော့ အကန့်အသတ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးရရှိလာရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်လာရင် ဒါပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဆောင်ရွက်သင့်တဲ့ ဥပဒေတစ်ခုဖြစ်တယ်။ ဒီနေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကလည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာလိမ့်မယ် ရရှိလာလိမ့်မယ် ယုံကြည်တယ်။ ဒါကြောင့်မလို့ အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအဖြစ် ကြိုတင်ပြီး အသိပေးထားခြင်းဖြစ်တယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ဇူလိုင်လတုန်းက ပြောဆိုခဲ့တဲ့ နောက်ဆုံးမိန့်ခွန်းမှာ “ဗမာပြည်လွတ်လပ်ရေးရလို့ရှိရင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိတယ် ဒါကြောင့်မလို့  ဗမာပြည်မှာ ဗမာတိုင်း ဗမာတိုင်းအရွယ်ရောက်တဲ့သူမှန်သမျှ ကျန်းမာတဲ့ သူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့မှ အတင်းစစ်ထဲကို ထည့်ရလိမ့်မယ်။ ၂ နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲ ဝင်ရမယ်ဆိုတဲ့” စကားမျိုး ပြောခဲ့ဖူးတာ ရှိတယ်လို့လဲ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ ၁၉၅၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေကို တော်လှန်ရေး ကောင်စီလက်ထက်မှာ တစ်ကြိမ်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ အတည်ပြုပြဋ္ဌာန်းထားခဲ့ပြီး ဥပဒေအရ အမျိုးသားတိုင်း အသက် ၁၈ နှစ်ကနေ ၃၅ မပြည့်သေးသူနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်မပြည့်သေးသူတွေဟာ ၂ နှစ် စစ်မှုထမ်းဖို့ ပါဝင်ပါတယ်။  

http://thevoicemyanmar.com/news/45273-lau

No comments:

Post a Comment