ကျောက်မဲမြို့ပေါ်သို့ တိုက်ပွဲရှောင် ရာနဲ့ချီရောက်ရှိ၊ ဆေးဝါးနဲ့ စောင်တွေ အရေးပေါ် လိုအပ်နေ
မိုင်းအနိုင်၊ ရွှေဖီမြေ
ဒီဇင်ဘာ ၂၈ ရက်၊ ကျောက်မဲ
မနေ့ ဒီဇင်ဘာ ၂၇ ရက်က RCSS နဲ့ TNLA တို့အကြားက တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင် (၂ဝဝ)ကျော်ရှိနေပြီး ထပ်တိုးလာဖို့ရှိနေတာကြောင့် ဆေးဝါးနဲ့ စောင်တွေ အရေးပေါ် လိုအပ်နေပါတယ်။
တိုက်ပွဲရှောင်တွေထဲမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်နေပြီး ဆေးဝါး၊ စောင်နဲ့ ကလေးအဝတ်အစားတွေ လိုအပ်နေတာ ဖြစ်တယ်လို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ မသန်းနုက ဆိုပါတယ်။
“ကလေးက လူကြီးထက် ပိုများတယ်။ လူကြီးတွေကလည်း အသက်တစ်အားကြီးတော့ နေမကောင်းဖြစ်တာတွေများတယ်။ အချို့က အိမ်မှာကတည်းက နေမကောင်းဖြစ်လာတာ။ အချို့လသားအရွယ်ကလေးတွေ အဝတ်အစားတွေ ပါမလာဘူး။ ပြီးတော့ စောင်တွေလည်း ပါမလာတော့ ညကျရင် ဘယ်လို အိပ်မလဲဆိုတာ မသိသေးဘူး”
တိုက်ပွဲရှောင်တွေအားလုံးကို ကျောက်မဲမြို့ ဝါဆိုဘုန်းကြီးကျောင်းမှာ နေရချပေးထားတယ်လို့ သိရပါတယ်။
တိုက်ပွဲရှောင်တွေအတွက် မနေ့က အလှူရှင်အချို့ လာရောက်လှူဒါန်းတာတွေ ရှိခဲ့ပေမယ့် ဒီနေ့တော့ အလှူရှင်တွေ လာရောက်လှူဒါန်းတာ မတွေ့ရသေးဘူးလို့ သူမက ဆိုပါတယ်။
ထပ်မံထွက်ပြေးလာတဲ့ တိုက်ပွဲရှောင်တွကို လူမှုကူညီရေးအသင်းအဖွဲ့တွေက သွားရောက်ခေါ်ဆောင်နေပါတယ်။
တိုက်ပွဲရှောင်တွေကို သွားရောက်သယ်ဆောင်နေတဲ့ အိုမ်တမာဝ်လူမှုကူညီရေးအသင်းမှ မိုင်းအဘမ်းကလည်း “ပန်မခမ်း၊ ကောင်းခါး၊ ပန်လော့ကရွာသားတွေတော့ တဖြည်းဖြည်း ဆင်းလာနေပြီ။ အချို့က ခြေလျင်နဲ့ဆင်းတယ်။ အချို့က ဆိုင်ကယ်နဲ့ဆင်းတယ်။ ကျွန်တော်တို့ ပရဟိတအသင်းတွေကတော့ မိုင်းတင်းချောင်းမှာ ဆင်းလို့ရတဲ့ကားတွေ အဲမှာကြိုနေတယ်။ ပြီးတော့ မိုင်းတင်းစာသင်ကျောင်းမှာ ချပေးတယ်။ အဲကနေတစ်ဆင့် ကျောက်မဲကို ခေါ်သွားတာ” လို့ ပြောပါတယ်။
လွယ်အံကျေးရွာအုပ်စုမှာ RCSS နဲ့ TNLA တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မနေ့ညမှာတော့ ပန်လော့ကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
#တိုက်ပွဲရှောင် #အရေးပေါ် #အကူအညီ #စောင် #ဆေးဝါး #ကျောက်မဲ #TNLA #RCSS
#ဓာတ်ပုံ- အိုမ်တမာဝ် လူမှုကူညီရေးအသင်း
https://www.facebook.com/451214215694715/posts/868165053999627/
https://www.facebook.com/shwepheemyaynews/posts/868165053999627
No comments:
Post a Comment