ထင်းခုတ်ပြီး ပြန်လာတဲ့ ကျေးရွာခံ ၃ ဦး မိုင်းနင်းမိ၊ ၂ ဦး ဒဏ်ရာပြင်းထန်
မိုင်းအနိုင်၊ ရွှေဖီမြေ
ဒီဇင်ဘာ ၂၈ ရက်၊ နမ့်ဆန်
မနေ့ ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ထင်းခုတ်ပြီးပြန်လာတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာခံ ၂ ဦးနဲ့ လမ်းလုံကျေးရွာခံ ၁ ဦးတို့ဟာ လမ်းလုံကျေးရွာအထက်နားလေးမှာ မိုင်းနင်းမိတာကြောင့် ၂ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
မြို့သစ်ကျေးရွာခံ မကေသီဝင်းက “မြို့သစ်ရွာသား နှစ်ယောက်ကတော့ ထင်းခုတ်ပြီး ပြန်မလို့။ ပြန်တဲ့အချိန် အဲဒီလမ်းလုံရွာသားကိုတွေ့တော့ မင်းဒီမှာ ဘာလို့နေ နေတာလဲ မိုးကလည်းချုပ်ပြီ မပြန်ဘူးလားဆိုပြီး သူ့ကိုပါ ခေါ်သွားလိုက်တာ။ သူတို့သုံးယောက် ဆိုင်ကယ်နဲ့ပြန်တဲ့အချိန် လမ်းလုံအထက်နားလေးမှာပဲ နင်းမိတာ” လို့ ပြောပါတယ်။
၎င်းတို့ ၃ ယောက် မိုင်းနင်းမိချိန် တစ်ဦးတစ်ယောက်မျှ မတွေ့တာကြောင့် အချင်းချင်းတွဲကူပြီး မြို့သစ်ကျေးရွာအထိ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။
မိုင်းနင်းမိတဲ့တောင်ကုန်းဟာ တပ်မတော်ဘက်က မကြာခဏ စခန်းချခဲ့ဖူးတဲ့နေရာဖြစ်ပြီး လက်ရှိ အဲဒီဒေသတစ်ဝိုက်မှာတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က လှုပ်ရှားနေပါတယ်။
ဒဏ်ရာပြင်းထန်မှုရှိတဲ့ မြို့သစ်ကျေးရွာသားဖြစ်သူ မျိုးဇော်ဦးနဲ့ နေအောင်တို့ကို ကျောက်မဲမြို့ရှိ အိုမ်တမာဝ်လူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်နဲ့ လူမှုကူညီရေးအသင်းတို့က သွားရောက်ကြိုခဲ့ပြီး လက်ရှိ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
#မိုင်းနင်းမိ #ဒဏ်ရာရ #ပြင်းထန် #မြို့သစ် #လမ်းလုံ #နမ့်ဆန် #ကျောက်မဲ #လူမှုကူညီရေးအသင်း
#ဓာတ်ပုံ- Kay Thi Win
https://www.facebook.com/451214215694715/posts/868130187336447/
https://www.facebook.com/shwepheemyaynews/posts/868130187336447
No comments:
Post a Comment