Sunday, December 27, 2020

၉ လေက်ာ္ၾကာအဆက္အသြယ္မရ ေပ်ာက္ဆံုးေနသည့္တင္းမရြာသား ၁၈ဦးကိစၥကို ေျမာက္ဦးခရိုင္ ရဲတပ္ဖြဲ႕မွ စစ္ေဆးမည္

 ၉ လေက်ာ္ၾကာအဆက္အသြယ္မရ ေပ်ာက္ဆံုးေနသည့္တင္းမရြာသား ၁၈ဦးကိစၥကို ေျမာက္ဦးခရိုင္ ရဲတပ္ဖြဲ႕မွ စစ္ေဆးမည္ 

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)

နိရဥၥရာ၊ ဒီဇင္ဘာ ၂၈ / ၂၀၂၀

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမေက်းရြာမွ ၉ လေက်ာ္ၾကာ မိသားစုႏွင့္ အဆက္အသြယ္မရ ေပ်ာက္ဆံုးေနသည့္ ေက်းရြာသား ၁၈ ဦး၏ အမႈကိစၥအား  ေျမာက္ဦးခရိုင္ ရဲစခန္းမွ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ထိုသို႕ စစ္ေဆးမည္ ျဖစ္ေၾကာင္းကို ေျမာက္ဦးခရိုင္ ရဲမွဴးက နိရဥၥရာသတင္းဌာနသို႕ အတည္ျပဳ ေျပာၾကားသည္။

“ သူတို႔က စာတင္ထားတာေတြရွိေတာ့ ဒီျဖစ္စဥ္ဟာ၊ ဟုတ္မွန္သလား။ မဟုတ္မွန္ဘူးလားဆိုတာကို စစ္ေဆးဖို႔ က်ေနာ္တို႔ကို တာဝန္ေပးထားတဲ့ အတြက္ က်ေနာ္တို႔ကေတာ့ စစ္ရမွာေပါ့။ ႏိုင္ငံေတာ္သမၼတရံုးက ညႊန္ၾကား တာေတာ့မဟုတ္ပါဘူး။ က်ေနာ္တို႔အထက္ကေနၿပီးေတာ့ တိုင္ၾကားစာပါ အခ်က္အလက္ေတြဟာ ဟုတ္မွန္ျခင္း ရွိ/ မရွိဆိုတာကို က်ေနာ္တို႔ကို စစ္ေဆးခိုင္းတာပါ” ဟု ေျမာက္ဦးခရိုင္ရဲမွဴးက ေျပာသည္။

အဆိုပါ စစ္ေဆးမႈအား ဒီဇင္ဘာ ၂၉ ရက္ေန႕တြင္ ျပဳလုပ္မည္ျဖစ္ျပီး မိသားစုဝင္မ်ားကို ေျမာက္ဦးခရိုင္ရဲစခန္းသို႕ ေခၚဆိုထားေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ေပ်ာက္ဆံုးေနသူမ်ား၏ မိသားစုဝင္မ်ားအေနျဖင့္ ေျမာက္ဦးခရိုင္ရဲစခန္းသို႔ သြားေရာက္ၿပီး စစ္ေဆးခံသြားမည္ ျဖစ္ေၾကာင္း ေပ်ာက္ဆံုးေနသူမ်ား၏ မိသားစုဝင္မ်ားက ေျပာဆိုသည္။

တင္းမၾကီးေက်းရြာမွ ေပ်ာက္ဆံုးေနသူ ကိုေနလင္းဦး၏ မိခင္ျဖစ္သူ ေဒၚဦးသန္းရီက “ ခရိုင္ရဲမွဴးက က်မတို႔ကို ေခၚပါတယ္။ က်မတို႔ကေတာ့ မနက္ျဖန္သြားဖို႔ အစီအစဥ္ရွိပါတယ္။ က်မတို႔ တင္လိုက္တဲ့ စာေတြက ခရိုင္ကို ေရာက္သြားတယ္။ အဲဒါေၾကာင့္ စစ္ေဆးဖုိ႔ ေခၚတယ္လို႔ေျပာတယ္” ဟု ေျပာသည္။

ေပ်ာက္ဆံုးေနေသာ တင္းမရြာသားမ်ားအတြက္ တရားမွ်တမႈ လိုခ်င္ေၾကာင္းႏွင့္ တရားဥပေဒအတိုင္း စံုစမ္းေဖာ္ထုတ္မည့္ အေရးကို လိုလားေၾကာင္း တင္းမဆရာေတာ္ ဦးဝါယမိႏၵက မိန္႔ၾကားသည္။

 “ေက်ာက္ေတာ္စခန္းက တာ၀န္ရွိသူ တစ္ဦးကေနၿပီးေတာ့ ကိုယ္ေတာ္ဆီကုိ ဖုန္းဆက္လာတယ္။ တပည့္ေတာ္တို႔ကို သမၼတကေနၿပီးေတာ့ စံုုစမ္းေဖာ္ထုတ္ ဖို႔အတြက္ တာဝန္ေပးလိုက္တယ္လို႕ ေျပာတယ္။ အဲအဖြဲ႕မွာ ေျမာက္ဦးခရိုင္ရဲမွဴးက ဥကၠ႒ပါ ဆိုၿပီးေတာ့လည္း ေျပာတယ္။ အဓိက သူတို႔ေျပာတာကေတာ့ ကိုယ္ေတာ္တို႔ကို အသိေပးတယ္သေဘာပါ။ ဦးဇင္းတို႕က တရားမွ်တမႈနဲက အမွန္တရားအတိုင္း ျဖစ္ေစခ်င္တယ္” ဟု ဆရာေတာ္က ေျပာသည္။

ေပ်ာက္ဆံုးေနသူ တင္းမေက်းရြာမွ မိသားစုဝင္မ်ားအေနျဖင့္ ေျမာက္ဦးခရိုင္ရဲစခန္းထိ သြားေရာက္ စစ္ေဆး ခံရမည္ဆို၍  စိုးရိမ္ေၾကာင့္ၾကမႈမ်ားရွိေနေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးဦးထြန္းဝင္းက ေျပာသည္။

“ ရြာသားေတြကေတာ့ ေျမာက္ဦးခရိုင္ရဲက ေခၚတဲ့ ကိစၥေၾကာင့္ က်ေနာ္ဆီကိုေရာက္လာၾကတယ္။ တခ်ိဳ႕ကလည္း စိုးရိမ္စိတ္ေတြျဖစ္ၿပီးေတာ့ မသြားခ်င္ၾကဘူး။ တခ်ိဳ႕ကလည္း သြားမယ္။ အဲဒါေတြကို က်ေနာ္ဆီကို လာၿပီးေတာ့ ေဆြးေႏြးလာၾကတယ္။ က်ေနာ္ဆီကိုေတာ့ ခရိုင္ရဲတပ္ဖြဲ႕က အေၾကာင္း ၾကားလာတာမရွိဘူး။ က်ေနာ္ မေန႔ညက ခရိုင္ရဲမွဴးကို ဆက္သြယ္ၾကည့္ေတာ့  ဒီျဖစ္စဥ္ကို  စစ္ေဆးဖုိ႔ ညႊန္ၾကားခ်က္ရွိေနတယ္လို႔ ေျပာတယ္” ဟု ေျပာသည္။

၄င္းကိစၥႏွင့္ ပတ္သက္၍ ေက်ာက္ေတာ္ျမိဳ႕မ ရဲစခန္းမွ စခန္းမွဴးအား ဆက္သြယ္ေမးျမန္းရန္ ဆက္သြယ္ခဲ့ေသာ္လည္း  ဖုန္းလက္ခံေျဖဆုိျခင္းမရွိပါ။

ယခုႏွစ္ မတ္လ ၁၃ ရက္ေန႔က တင္းမသစ္ေက်း႐ြာတြင္ ႐ြာသား(၈)ဦး၊ မတ္ ၁၆ ရက္ေန႔က တင္းမႀကီး႐ြာမွ ရြာသား (၁ဝ)ဦးတို႕ကို စစ္သားမ်ားက သူတို႕ ေနအိမ္မ်ားမွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျပီး ယေန႔ အခ်ိန္ထိ ေပ်ာက္ဆံုးေၾကာင္း မိသားစုမ်ားက ေျပာၾကားသည္။ 

၎ျပင္ တင္းမ႐ြာဘုန္းႀကီးေက်ာင္းတြင္ အေစာင့္အျဖစ္က်န္ေနခဲ့သူ ရြာသား (၃) ဦးလည္း ေပ်ာက္ဆံုး ေနသျဖင့္  စုစုေပါင္း (၂၁) ဦးေပ်ာက္ဆံုးေနသည္ဟု သိရသည္။ 

 ေပ်ာက္ဆံုးေနသူမ်ားႏွင့္ ပတ္သက္ျပီး ယေန႔ခ်ိန္အထိ သတင္းအစအန တစ္စံုတစ္ရာ မရသျဖင့္ မိသားစုဝင္ မ်ားက ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၈ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္တိုင္းၾကားခဲ့မႈမ်ား ရွိခဲ့ေၾကာင္း သိရွိရသည္။

အမႈဖြင့္တိုင္ၾကားရာတြင္ ပါဝင္ခဲ့သူ ေက်ာက္ေတာ္ၿမိဳ႕မွ ကိုေဇာ္ဝင္း(ခ) လူထုေဇာ္ဝင္းက “ က်ေနာ့္ အျမင္ ကေတာ့ စစ္ေဆးခံဖို႔ မသြားသင့္ လုိ႔ျမင္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေရွ႕ေနေတြနဲ႔ တိုင္ပင္ၿပီးမွ လုပ္သင့္တယ္လို႔ ျမင္တယ္။ ေရွ႕ေနေတြ မရွိတဲ့အခ်ိန္မွာ မလိုအပ္တာေတြနဲ႕ လိမ္ညာမႈေတြ ထပ္ျဖစ္မွာကို က်ေနာ္တို႔က စိုးရိမ္တယ္။ သံသယရွိတယ္။ ေနာက္တစ္ခုက အမႈဖြင့္ဖို႔ တိုင္ၾကားတာကို အမႈမဖြင့္ဘဲ စစ္ေဆးမယ္ ဆိုတာေတြကေတာ့ ယုတၱိမရွိဘူး” ဟုေျပာသည္။

တပ္က ဖမ္းျပီးေနာက္ ေပ်ာက္ဆုံးေနသူ တင္းမႀကီးေက်း႐ြာမွ ေက်း႐ြာသား ၁ဝ ဦးမွာ  ဦးေအာင္ၫြန႔္ (၆၅) ႏွစ္၊ ဦးထြန္းဝင္းေမာင္ (၆၄) ႏွစ္၊ ဦးယာဥ္ေမာင္ (၄ဝ) ႏွစ္၊ ဦးသန္းေမာင္ထြန္း (၄ဝ) ႏွစ္၊ ဦးေမာင္ဝင္း (ေခၚ) ဦးေမာင္ဝင္းႀကီး (၅ဝ) ႏွစ္၊ ဦးေမာင္ဝင္းေခ် (၃၇) ႏွစ္၊ ဦးေမာင္ၾကည္လင္း (၄ဝ) ႏွစ္၊ ဦးေမာင္စိန္ဝင္း အသက္ ၅ဝ ေက်ာ္၊ ေမာင္ထြန္းထြန္းေဝ (၁၅) ႏွစ္ႏွင့္ ေမာင္ေနလင္းဦး (၂၈) ႏွစ္တို႔ျဖစ္ေၾကာင္း၊ မတ္လ ၁၃ ရက္ေန႔က တင္းမ႐ြာသစ္မွ ဖမ္းဆီးေခၚေဆာင္ခံရျပီး ေပ်ာက္ဆံုးေနသူ သူ ၈ ဦးမွာ ဦးေမာင္စိတ္ႀကီး၊ ဦးေက်ာ္ဝင္း၊ ဦးလွေက်ာ္ႀကီး၊ ဦးေမာင္သန္းစိုး၊ ဦးေစာေ႐ႊသန္း၊ ဦးစံသာေမာင္၊ ဦးေမာင္ျမေအးႏွင့္ ဦးေမာင္ထြန္းစိန္တို႔ ျဖစ္ေၾကာင္း မိသားစုမ်ားက ေျပာၾကားသည္။

----------------------- 

Unicode:

၉ လကျော်ကြာအဆက်အသွယ်မရ ပျောက်ဆုံးနေသည့်တင်းမရွာသား ၁၈ဦးကိစ္စကို မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှ စစ်ဆေးမည် 

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ၉ လကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် ကျေးရွာသား ၁၈ ဦး၏ အမှုကိစ္စအား  မြောက်ဦးခရိုင် ရဲစခန်းမှ စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ စစ်ဆေးမည် ဖြစ်ကြောင်းကို မြောက်ဦးခရိုင် ရဲမှူးက နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ သူတို့က စာတင်ထားတာတွေရှိတော့ ဒီဖြစ်စဉ်ဟာ၊ ဟုတ်မှန်သလား။ မဟုတ်မှန်ဘူးလားဆိုတာကို စစ်ဆေးဖို့ ကျနော်တို့ကို တာဝန်ပေးထားတဲ့ အတွက် ကျနော်တို့ကတော့ စစ်ရမှာပေါ့။ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြား တာတော့မဟုတ်ပါဘူး။ ကျနော်တို့အထက်ကနေပြီးတော့ တိုင်ကြားစာပါ အချက်အလက်တွေဟာ ဟုတ်မှန်ခြင်း ရှိ/ မရှိဆိုတာကို ကျနော်တို့ကို စစ်ဆေးခိုင်းတာပါ” ဟု မြောက်ဦးခရိုင်ရဲမှူးက ပြောသည်။

အဆိုပါ စစ်ဆေးမှုအား ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲစခန်းသို့ ခေါ်ဆိုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များအနေဖြင့် မြောက်ဦးခရိုင်ရဲစခန်းသို့ သွားရောက်ပြီး စစ်ဆေးခံသွားမည် ဖြစ်ကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

တင်းမကြီးကျေးရွာမှ ပျောက်ဆုံးနေသူ ကိုနေလင်းဦး၏ မိခင်ဖြစ်သူ ဒေါ်ဦးသန်းရီက “ ခရိုင်ရဲမွဴးက ကျမတို့ကို ခေါ်ပါတယ်။ ကျမတို့ကတော့ မနက်ဖြန်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျမတို့ တင်လိုက်တဲ့ စာတွေက ခရိုင်ကို ရောက်သွားတယ်။ အဲဒါကြောင့် စစ်ဆေးဖို့ ခေါ်တယ်လို့ပြောတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသော တင်းမရွာသားများအတွက် တရားမျှတမှုလိုချင်ကြောင်းနှင့် တရားဥပဒေအတိုင်း စုံစမ်းဖော်ထုတ်မည့် အရေးကို လိုလားကြောင်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ကြားသည်။

 “ကျောက်တော်စခန်းက တာဝန်ရှိသူ တစ်ဦးကနေပြီးတော့ ကိုယ်တော်ဆီကို ဖုန်းဆက်လာတယ်။ တပည့်တော်တို့ကို သမ္မတကနေပြီးတော့ စုုံစမ်းဖော်ထုတ်ဖို့အတွက် တာဝန်ပေးလိုက်တယ်လို့ ပြောတယ်။ အဲအဖွဲ့မှာ မြောက်ဦးခရိုင်ရဲမှူးက ဥက္ကဋ္ဌပါ ဆိုပြီးတော့လည်း ပြောတယ်။ အဓိက သူတို့ပြောတာကတော့ ကိုယ်တော်တို့ကို အသိပေးတယ်သဘောပါ။ ဦးဇင်းတို့က တရားမျှတမှုနဲက အမှန်တရားအတိုင်း ဖြစ်စေချင်တယ်” ဟု ဆရာတော်က ပြောသည်။

ပျောက်ဆုံးနေသူ တင်းမကျေးရွာမှ မိသားစုဝင်များအနေဖြင့် မြောက်ဦးခရိုင်ရဲစခန်းထိ သွားရောက် စစ်ဆေး ခံရမည်ဆို၍  စိုးရိမ်ကြောင့်ကြမှုများရှိနေကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ ရွာသားတွေကတော့ မြောက်ဦးခရိုင်ရဲက ခေါ်တဲ့ ကိစ္စကြောင့် ကျနော်ဆီကိုရောက်လာကြတယ်။ တချို့ကလည်း စိုးရိမ်စိတ်တွေဖြစ်ပြီးတော့ မသွားချင်ကြဘူး။ တချို့ကလည်း သွားမယ်။ အဲဒါတွေကို ကျနော်ဆီကို လာပြီးတော့ ဆွေးနွေးလာကြတယ်။ ကျနော်ဆီကိုတော့ ခရိုင်ရဲတပ်ဖွဲ့က အကြောင်း ကြားလာတာမရှိဘူး။ ကျနော် မနေ့ညက ခရိုင်ရဲမှူးကို ဆက်သွယ်ကြည့်တော့  ဒီဖြစ်စဉ်ကို  စစ်ဆေးဖို့ ညွှန်ကြားချက် ရှိနေတယ်လို့ ပြောတယ်” ဟု ပြောသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့မ ရဲစခန်းမှ စခန်းမှူးအား ဆက်သွယ်မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း  ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

ယခုနှစ် မတ်လ ၁၃ ရက်နေ့က တင်းမသစ်ကျေးရွာတွင် ရွာသား(၈)ဦး၊ မတ် ၁၆ ရက်နေ့က တင်းမကြီးရွာမှ ရွာသား (၁ဝ)ဦးတို့ကို စစ်သားများက သူတို့ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးကြောင်း မိသားစုများက ပြေကြားသည်။ 

၎င်းပြင် တင်းမရွာဘုန်းကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်နေခဲ့သူ ရွာသား (၃) ဦးလည်း ပျောက်ဆုံး နေသဖြင့်  စုစုပေါင်း (၂၁) ဦးပျောက်ဆုံးနေသည်ဟု သိရသည်။ 

 ပျောက်ဆုံးနေသူများနှင့် ပတ်သက်ပြီး ယနေ့ချိန်အထိ သတင်းအစအန တစ်စုံတစ်ရာ မရသဖြင့် မိသားစုဝင် များက ပြီးခဲ့သော ဒီဇင်ဘာလ ၈ ရက်နေ့က ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားခဲ့မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

အမှုဖွင့်တိုင်ကြားရာတွင် ပါဝင်ခဲ့သူ ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်းက “ ကျနော့် အမြင် ကတော့ စစ်ဆေးခံဖို့ မသွားသင့်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးမှ လုပ်သင့်တယ်လို့ မြင်တယ်။ ရှေ့နေတွေ မရှိတဲ့အချိန်မှာ မလိုအပ်တာ တွေနဲ့ လိမ်ညာမှုတွေ ထပ်ဖြစ်မှာကို ကျနော်တို့က စိုးရိမ်တယ်။ သံသယရှိတယ်။ နောက်တစ်ခုက အမှုဖွင့်ဖို့ တိုင်ကြားတာကို အမှုမဖွင့်ဘဲ စစ်ဆေးမယ် ဆိုတာတွေကတော့ ယုတ္တိမရှိဘူး” ဟုပြောသည်။

တပ်က ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ  ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူ သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

https://burmese.narinjara.com/.../5fe9feeb3f8935047dbb798c


https://www.facebook.com/narinjara.info/posts/3911790302166351

No comments:

Post a Comment