မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်း သီးခြားဆွေးနွေးရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
လက်ရှိတွင် တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းမပြုသည့် ကြေညာချက်ကို သက်တမ်းထပ်မံတိုးမြှင့်ထားသည်။
ထို့ပြင် တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ်တွင်လည်း AA လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် ငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်ရေးအတွက် ပြည်သူများအနေနှင့် မျှော်လင့်မှုများရှိနေသည်။
လက်ရှိအခြေအနေတွင် အစိုးရ၊ တပ်မတော်တို့အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရာတွင် တစ်ဖွဲ့ချင်းအလိုက်ဆွေးနွေးမည် ဆိုပါက အပစ်အခတ်ရပ်စဲရေး ပိုမိုထိရောက်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်နေသည်။
ပုံမှန်အားဖြင့် လက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်း၏ နယ်မြေ၊ လှုပ်ရှားပုံ အင်အားမတူညီကြသည့်အတွက် တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခြင်းက ပိုပြီးထိရောက်မှုရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။
"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူတို့အနေနဲ့စုစည်းမှရမယ် မစုစည်းဘူးဆိုရင် သူတို့တွေခွဲပြီးတော့ ချေမှုန်းခံရမယ်၊ တိုက်ခိုက်ခံရမယ်လို့ စဉ်းစားတဲ့အခါကျတော့ သူတို့က စုပြီးတော့ လက်မှတ်ထိုးဖို့စဉ်းစားတယ်။ ခုလောလောဆယ်မှာ NCA ထိုးပြီးသား ၁၀ ဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့မှာ ၄ ဖွဲ့က အပစ်အခတ်ရပ်စဲဖို့ လက်မှတ်မထိုးရသေးဘူး။ သူတို့က အပစ်အခတ်ရပ်စဲရေးကို တစ်ဖွဲ့ချင်း လက်မှတ်ထိုးမယ့်အစား ၄ ဖွဲ့အတူတူ ထိုးမယ်ဆိုပြီး စဉ်းစားထားတာရှိတယ်။ 'ဝ' အပါအဝင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ကလည်း နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် အတူတူဆွေးနွေးမယ်လို့ စဉ်းစားထားတာရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့သည် တိုင်းရင်းသားတွေရဲ့မဟာမိတ်ဖွဲ့မှုတွေကို ခွဲခြားပစ်တယ်ဆိုတဲ့ အမြင်မျိုးမဖြစ်အောင် သတိထားပြီးတော့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်" ဟု ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တိုက်ပွဲဒေသမှ ဒေသခံတစ်ဦးကလည်း တပ်မတော်အနေနှင့် AA လက်နက်ကိုင်အဖွဲ့နှင့် တစ်ဦးချင်းဆက်သွယ်၍ လုပ်ဆောင်ခြင်းက ပိုပြီးထိရောက်ကောင်းမွန်သည့် အဖြေထွက်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
"ပထမအချက်အနေနဲ့ ဒီလိုမျိုး ဆောင်ရွက်ခြင်းအားဖြင့် ရခိုင့်တပ်မတော် နဲ့ ဗမာ့တပ်မတော် နှစ်ဦးနှစ်ဖက် တွေ့ဆုံခြင်းက ပထမအကျိုးအနေနဲ့ စစ်ရေးအရ ဘယ်လိုမျိုး အကောင်အထည်ဖော်နိုင်မယ်၊ ပူးပေါင်းလုပ်ဆောင်နိုင်မယ်၊ ပိုပြီးတော့ ထင်ထင်ရှားရှား စစ်ရေးကိုပဲ အာရုံစိုက်ပြီးတော့ ဆွေးနွေးနိုင်ပါမယ်" ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်ကလည်း NCA လက်မှတ်မရေးထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနေနှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီသည့် အခြေခံများရှိသည့်အတွက် တစ်ဖွဲ့ချင်း ဆွေးနွေးပါက ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း သုံးသပ်သည်။
"အခု မြောက်ပိုင်း EAO တွေ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကို တက်ရောက်လာနိုင်ဖို့ မဟာမိတ်အစုအဖွဲ့နဲ့ဆွေးနွေးမယ်ဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အခြေအနေမတူကြတဲ့အတွက် တစ်ဖွဲ့အတွက် လက်ခံနိုင်တဲ့ အခြေအနေနဲ့ အချက်အလက်တွေက အခြားအဖွဲ့အတွက် လက်မခံနိုင်တာဖြစ်နိုင်လို့ သဘောတူညီချက်ရရှိဖို့ ပိုခက်ခဲမယ်လို့ ယူဆပါတယ်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးကြရင်တော့ ကိုယ့်အဖွဲ့အတွက် ဖြစ်နိုင်ခြေ အလားအလာတွေကို တွက်ချက်ပြီး ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် အပစ်ရပ်ဖို့ နဲ့ နိုင်ငံရေး ဆွေးနွေးပွဲလမ်းကြောင်းကို တက်လာဖို့ ပိုလွယ်ကူမယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ တကယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အားကောင်းဖို့တော့ EAO အဖွဲ့တွေ အားလုံး သေချာညှိနှိုင်းတိုင်ပင်ပြီး တူညီ တဲ့သဘောတူညီချက်တွေ ရယူလုပ်ဆောင်နိုင်ဖို့ လိုအပ်မယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် တပ်မတော်အနေနှင့် နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ တည်ရှိရာနေရာများမှအပ ကျန်နယ်မြေများတွင် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်းကို ဒီဇင်ဘာလ ၃၁ ရက်ထိ သက်တမ်းတိုး ကြေညာထားသည်။
လက်ရှိတွင် AA လက်နက်ကိုင်အဖွဲ့အနေနှင့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာခံထားသည့်အဖွဲ့အဖြစ် ရှိနေဆဲဖြစ်သည်။
http://thevoicemyanmar.com/news/44793-ntb
No comments:
Post a Comment