တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) တို့အကြား အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း AA လက်နက်ကိုင်အဖွဲ့၏ သတင်းထုတ်ပြန်ရေး Website မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က တပ်မတော် ထိပ်ပိုင်းအရာရှိများနှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား အွန်လိုင်းမှတစ်ဆင့် နာရီဝက်ကြာ ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးချက်များကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ပါဝင်သူများ၏ အမည်များကို ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည်ဟုသာ AA ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
ယင်းဆွေးနွေးမှုတွင် ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံးတွင် ဆက်စပ်ရွေးကောက်ပွဲများအချိန်မီ ပြန်လည်ကျင်းပရေး၊ အခြေခံစားသောက် ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေးနှင့် အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးကို နှစ်ဖက်စလုံးမှ အလေးထား ဆောင်ရွက်ကြရန်၊ ရရှိထားပြီးသော အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် စသည်တို့ကို အကြမ်းအားဖြင့် ဆွေးနွေးခဲ့ကြောင်း AA ထုတ်ပြန်ချက်က ဖော်ပြထားသည်။
အလားတူ AA လက်နက်ကိုင် အဖွဲ့အနေနှင့်လည်း တပ်မတော်ကို တိုက်ပွဲကာလများအတွင် ပိတ်ဆို့နေသော ကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြ ကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရန်၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထုများ၏ဘဝ လုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့ပြင် နှစ်ဖက်လူချင်းတွေ့နိုင်မည့် အခြေအနေတစ်ရပ်ကိုလည်း ဆက်လက်ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း တွေ့ဆုံမှုအပြုသဘောဆောင်သည့် အခြေအနေကို AA လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် ကြေညာချက်တစ်စောင်ကို တပ်မတော်က ထုတ်ပြန်ခဲ့ပြီး အလားတူ AA လက်နက်ကိုင်အဖွဲ့ကလည်း တပ်မတော်၏ ကြေညာချက်ကို ကြိုဆိုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ အပြန်အလှန်ကြေညာချက်များ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် တပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်လျော့ကျလာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
http://thevoicemyanmar.com/news/44794-aaa
No comments:
Post a Comment