AA ဖမ်းဆီးထားသည့် NLD အမတ်သုံးဦး ပြန်လည်လွတ်မြောက်လာကြောင်း အတည်ပြု၊ ပြန်လွှတ်ပေးခြင်းသည် အပြုသဘောဆောင်သည့် လုပ်ရပ်ဟုဆို
AA အဖွဲ့ကဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ် NLD အမတ်သုံးဦးသည် ယနေ့(ဇန်နဝါရီ ၁ ရက်)က ပြန်လည်လွတ်မြောက်လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က စံတော်ချိန်သို့ အတည်ပြုပြောကြားသည်။
“ကြားထားတာတွေက နည်းနည်းလေးလွဲနေတာတွေရှိပါတယ်။ တချို့က မင်းပြား၊ တချို့က မြေပုံ၊ တချို့က ပလက်ဝဆိုတော့ ကျွန်တော်တို့ ဘယ်မြို့နယ်က တပ်မတော် လွှဲလိုက်လည်းဆိုတာကို ကျွန်တော်တို့မသိသေးပါဘူး။ နောက် ပြည်နယ်အစိုးရနဲ့လည်း မတွေ့ရသေးဘူး။ အဖွဲ့ချုပ်ပါတီနဲ့လည်း မတွေ့ရသေးဘူးဆိုတော့ အခြေအနေအတိအကျကိုတော့ ပြောလို့မရသေးပါဘူး။ လွတ်လာတယ်။ တပ်မတော်စခန်းတစ်ခုမှာ ရောက်နေတယ်ဆိုတာပဲ ပြောနိုင်ပါသေးတယ်။ လွတ်လာတာတော့ ကျိန်းသေပါတယ်”ဟု ဆိုသည်။
ထိုသို့ AA အဖွဲ့ကဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ် NLD အမတ်သုံးဦးကို ပြန်လွှတ်ပေးခြင်းက အပြုသဘောဆောင်သည့်လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများ ပေါ်ပေါက်လာပြီဟု မျှော်လင့်ကြောင်း ဒေါက်တာမျိုးညွန့် က သုံးသပ်သည်။
“ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လွှတ်ပေးတာက ဒါကောင်းတဲ့လုပ်ရပ်ပါ။ အပြုသဘောဆောင်ပါတယ်။ ဒီလိုနှစ်ဖက်အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို အပြန်အလှန်လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့အလားအလာတွေပေါ်လာပြီလို့ မျှော်လင့်ပါတယ်”ဟု ၎င်းကသုံးသပ်ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါအမတ်သုံးဦး ပြန်လည်လွတ်မြောက်လာသည့်ကိစ္စနှင့်ပတ်၍ နောက်ဆုံးရအခြေအနေများကို အဆင့်ဆင့်ဆက်သွယ်ဆောင်ရွက်နေကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင် က စံတော်ချိန်သို့ပြောသည်။
“လွှတ်လိုက်တယ်ဆိုတာကို ခိုင်မာတဲ့သတင်းတွေအရ ယုံကြည်ထားပါတယ်။ လွှတ်မယ်ဆိုရင် ချက်ချင်းတော့ ကျွန်တော်တို့ဆီ မပို့ဘူး။ ပို့ရင် စစ်တွေရှိမယ်။ စစ်တွေကမှတစ်ဆင့် ဒီသက်ဆိုင်ရာမြို့နယ်ကိုပို့မှာပေါ့။ ကျွန်တော်တို့လည်း သတင်းတွေကို နားထောင်နေတယ်။ ပြည်နယ်ကိုတော့ ဖုန်းဆက်ထားတယ်။ ပြန်ရောက်လို့ရှိရင် ကျွန်တော်တို့ဆီ လှမ်းအကြောင်းကြားပေးပါ။ လုပ်စရာရှိတာ လုပ်လို့ရအောင်လို့ဆိုပြီး ပြောထားပါတယ်” ဟု ၎င်းကဆိုသည်။
နှစ်လကျော်ကြာ ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက မဲဆွယ်စည်းရုံးရေးဆောင်ရွက်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
http://sdtimedaily.com/2021/01/01/zm06-196/
No comments:
Post a Comment