တပ်မတော် အနေဖြင့် ULA/AA ကို ကြားခံများမှတစ်ဆင့် ညှိနှိုင်းဆက်သွယ်ဆောင်ရွက်လျက်ရှိနေဟုဆို
နိရဉ္စရာ၊ နိုဝင်ဘာ ၂၇/၂ဝ၂ဝ
တပ်မတော် အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ရက္ခိုင့်တပ်တော်(AA) ကို ကြားခံ အဖွဲ့အစည်း၊ ကြားခံလူပုဂ္ဂိုလ်များဖြင့် ညှိနှိုင်းဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ နေပြည်တော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ ULA/ AA အဖွဲ့နဲ့ တပ်မတော်ရဲ့ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှုတော့ မရှိဘူး။ သို့သော် ဆက်သွယ်ဆောင်ရွက်သင့်တဲ့၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတစ်ဖွဲ့ချင်း၊ အဖွဲ့အစည်းအများအပြား၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ လူပုဂ္ဂိုလ် အများအပြားတွေကနေတဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုရှိတယ်” ဟု ပြောဆိုသည်။
တပ်မတော်နှင့် AA တို့ အခြေအနေမှာ ပိုကောင်းမွန်လာနိုင်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“ ကျနော်မြင်တာကတော့ ကောင်းတဲ့အခြေအနေလို့ပဲ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ ဒီစေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုမျိုးပေါ့နော် နယ်မြေဒေသကြီးတစ်ခုလုံးကို ခုအချိန်ထိ ဘယ်လောက်ပဲ သေနတ်သံတိတ်တိတ် ၁၂ ရက်နေ့ကနေ စတယ်ပြောပြော၊ ၈ရက်နေ့ကတည်းက စတယ်ပြောပြော ဒီနေ့ဆိုရင်ကျနော်တို့က ၂ဝ ရက်ကျော်ပြီ။ ၂ဝ ရက်ကျော်ပြီဆိုတော့ စစ်မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ပွားခြင်းကတော့ ကျနော်တို့စစ်သားတွေ အယူဆအနေနဲ့တော့ တိုက်ပွဲမဖြစ်ပွားခြင်းကတော့ ၁ မိနစ် တိုက်ပွဲ မဖြစ်ပွားလေ၊ ၁မိနစ် အကျိုးရှိလေပဲ။ ဒေသခံပြည်သူတွေလည်း အဲလိုဖြစ်မှာပါ။ ဒါမျိုးအထိ ကျနော်တို့ လုပ်နိုင်တာ ဆိုတာသည် မရှိခဲ့ဖူးပါဘူး။ မရှိခဲ့တဲ့အတွက်ကြောင့် တချို့နေရာမှာ အခုအချိန်ထိရနေပြီလို့ပြောတယ်။ ငြိမ်းချမ်းရေးပေါ့နော်။ အပစ်အခတ်ရပ်စဲထားတယ်။ ဖြစ်နေဆဲပဲ။ ဒီလိုမျိုးအခြေအနေထိ လဝက်ကျော်လောက်ထိ ဒီအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာသည်ပေါ့နော် နည်းတဲ့ အဆင့်မဟုတ်ပါဘူး။ နှစ်ဖက် လိုက်နာဆောင်ရွက်မှုလည်းကောင်းလို့ဖြစ်ပါတယ်။ ဒီကနေ တစ်ဆင့်ကတော့် ကျနော်မြင်တာကတော့ ပိုပြီးတော့ကောင်းလာနိုင်မယ်လို့ပဲ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နိုဝင်ဘာ ၁၂ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ဟုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
“ ရခိုင်ပြည်နယ်မှာဆိုရင် နိုဝင်ဘာလ ၉ ရက်နေ့တစ်ရက်ပဲ ပလက်ဝရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တော်တော့ဝေးပါတယ်။ နယ်စပ်စခန်းတစ်ခုကို အဝေးကနေ လက်နက်ငယ်တွေနဲ့ လာပစ်တဲ့ ဖြစ်စဉ်တစ်ခုပဲရှိတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ ကြေညာချက်ထုတ်ပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်စဉ်တွေ ဒီနေ့အထိ မရှိဘူး။ အဓိကတော့ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော် အနေနဲ့ကတော့ မြို့ရွာလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထုလုံခြုံမှုကို အဓိကထား ဆောင်ရွက်လျက်ရှိတယ်။ ဒါတွေကို မထိပါးဘူးဆိုရင် ထိတွေ့တိုက်ပွဲ ထပ်ဖြစ်စရာအကြောင်းမရှိဘူး။ ကျနော်ပြောခဲ့သလိုပဲ စောင့်ထိန်းရမှာတွေကို စောင့်ထိန်းဖို့လိုတယ်။ နှစ်ဦးနှစ်ဖက်ကို ဆိုလိုခြင်းဖြစ်တယ်။”
--------------------------------
Unicode -
နိရဉ်စရာ၊ နိုဝငျဘာ ၂၇/၂ဝ၂ဝ
https://burmese.narinjara.com/.../5fc0bc4d3f8935047dbb787...
https://www.facebook.com/narinjara.info/posts/3826006367411412
No comments:
Post a Comment