ရွေးကောက်ပွဲအပြီး NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပထမဆုံးပေါင်းပြီး ကြေညာချက်ထုတ်ရာမှာ၊ ဘယ်လိုထူးခြားတာကို ဒီအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ရဲဘော်သံခဲကို ကိုဝင်းမင်း မေးမြန်းရာမှာ သူက ခုလိုစရှင်းပြပါတယ်။
ရဲဘော်သံခဲ။ ။ အဓိကတော့ ကျနော်တို့က ငြိမ်းချမ်းရေးခရီးစဉ်က အင်မတန်မှ သိမ်မွှေ့ပါတယ်။ ဒီတော့ ကျနော်တို့ ခရီးစဉ်ဖြတ်သန်းတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်လက်ပြီးတော့မှ အစိုးရသစ်အနေနဲ့လည်းဖွဲ့တော့မယ် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်ပြီးတော့မှ လုပ်တော့မယ် ဆိုတဲ့အခါကျတော့ အမျိုးသားညီညွှတ်ရေးအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်ဟာ အားလုံးအတွက် ထူးခြားချက်လို့ ယူဆပါတယ်။ တကယ်ကို ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အတွက် တကယ်ကို စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ပြလိုတဲ့အတွက် ဒီကိစ္စတွေဟာ ကျနော်တို့အားလုံး အတူတကွအလုပ်လုပ်ရင် တိုင်းပြည်အတွက် အဖြေထွက်မယ်လို့ ကျနော်ယူဆပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ လက်ရှိမှာ အစိုးရအနေနဲ့ဒီ အမျိုးသားညီညွှတ်ရေးအစိုးရသဘောမျိုးပေါ့နော် ဖွဲ့စည်းဖို့ ကမ်းလှမ်းတဲ့အနေအထားမှာ အဓိက တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာတော့ တိုက်ရိုက်ကမ်းလှမ်းတဲ့အနေအထားမျိုး မတွေ့ရသေးဘူးပေါ့နော် အဲဒီအပေါ်မှာရော။
ရဲဘော်သံခဲ။ ။ ဒါက ရွေးကောက်ပွဲ လမ်းကြောင်းပေါ်က ဖိတ်ခေါ်ချက်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီအတွက်လည်း ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုဖိတ်ခေါ်တဲ့နေရာမှာလည်း ဖိတ်ခေါ်ခြင်းဆိုတာ သက်သက်ထက် တကယ်ကို တိုင်းပြည်အတွက် သတ်မှတ်သင့်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ မူပိုင်းရော၊ လက်တွေ့ပိုင်းရော တကယ်ကို အလုပ်လုပ်ပေးဖို့ လိုမယ်လို့ မြင်ပါတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က အလုပ်လုပ်တဲ့နေရာမှာ တဆင့်ချင်း တဆင့်ချင်း တက်တဲ့နေရာမှာ အားလုံးပါဝင်ရေးအတွက် တိုင်းရင်းသားတွေ၊ တခြားသော သက်ဆိုင်တဲ့ သင့်တင့်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ရေးအတွက်ဆိုတဲ့ မူဝါဒ အရင် ချမှတ်ခဲ့မယ်ဆိုရင် ဒီထက်အရှေ့ရောက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဘယ်လို တင့်သင့်တဲ့ ပုဂ္ဂိုလ် တွေ ပါဝင်ရေးကို အကြံပြုချင်ပါသလဲ။
ရဲဘော်သံခဲ။ ။အထူးသဖြင့်ကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ၊ ဖယ်ဒရယ်အရေးအတွက် တကယ်ကို နားလည်တတ်ကျွမ်းတဲ့ ၊ တကယ်ကို ဘဝနဲ့ ဖြတ်သန်းတဲ့လူတွေ ၊ နောက်တခုကတော့ အားလုံးလက်ခံနိုင်တဲ့လူတွေ အဲဒီလူတွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ နောက်တခုကတော့ လွှတ်တော်အစိုးရအပေါ် တနည်းအားဖြင့်ပြောရရင် ဥပဒေပြုရေးရော၊ အုပ်ချုပ်ရေးရောမှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေပါနိုင်တာဟာ ကျနော်တို့အားလုံးအတွက် အင်အားတခုလို့ ကျနော်တို့ ယူဆပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဒီနေရာမှာ PPST အစည်းအဝေးအပြီး ကြေညာချက်ထဲမှာပေါ့နော် ထူးခြားတဲ့ လုပ်ငန်းစဉ်အနေအထားတွေက ဘယ်လိုမျိုး ရှိလာနိုင်သလဲ။
ရဲဘော်သံခဲ။ ။ ကျနော်ထင်ပါတယ် ထူးခြားတဲ့ လုပ်ငန်းစဉ်ဆိုတာကတော့ အများကြီးမျှော်လင့်နေတဲ့ လက်မှတ်ရေးမထိုးထားသေးတဲ့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဝင်သေးသော အဖွဲ့အစည်းများရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေမှာ ကျနော်တို့ အားလုံးအတူတကွ တွေ့ဆုံဆွေးနွေးနိုင်ဖို့ဆိုတဲ့ အဖြေကို ရှာဖို့အတွက် ကြိုးပမ်းနေရတဲ့ ကာလဖြစ်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီတခေါက်ကျွန်တော်တို့ NCA မထိုးရသေးတဲ့ အဖွဲ့တွေ တောင်းဆိုတဲ့အချိန်မှာ တပ်မတော်ဘက်ကလည်း AA လက်နက်ကိုင်တပ်ဖွဲ့ကို အရင်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီးတော့၊ မြောက်ပိုင်းအဖွဲ့တွေနဲ့ပါ ဆွေးနွေးရေး တစ်ဆို့နေတဲ့အနေထားကနေ၊ အခုတစုံတရာ ပြောင်းလာနိုင်တဲ့အနေအထား အပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ၊ ထူးခြားမှုအတွက်။
ရဲဘော်သံခဲ။ ။ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တွေ့ဆုံဖို့တော့လိုနေပြီလို့ ကျနော်ယူဆတယ်။ ဒီအတွက် ကျနော်ကြိုဆိုတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ရခိုင်ပြဿနာဟာ ကျနော်တို့ အားလုံးရဲ့ ပြဿနာပါပဲ။ ဒီအတွက် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အပေါ်ကနေမှ တွေ့ဆုံတွေ့ဆုံ ၊ လူသားချင်းစာနာလို့ပဲ တွေ့ဆုံတွေ့ဆုံ၊ ကျနော်တို့ အားလုံးဟာ တွေ့ဆုံဖို့တော့လိုနေပြီ။ အဲဒါက တိုင်းပြည်အတွက် ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးအတွက် ရှေ့ရှုသွားနိုင်ဖို့အတွက် ကျနော်တောင်းဆိုပါတယ်။ တကယ်လည်း ဒီလိုတွေ့ဆုံတာတွေကို ကျနော်ကြိုဆိုပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်သံခဲ ခင်ဗျ။
https://burmese.voanews.com/a/ncas-eao-view-on-the-nld-invitation-/5678453.html
No comments:
Post a Comment